မတ္တရာ ၂၆ ဧပြီ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့ပေါ်ရှိ စာသင်တိုက် ၁၁ တိုက် သီလရှင်စာသင်တိုက် ၁ တိုက်အတွက် ဆီနှင့် ငါးခြောက် စသည့်ပစ္စည်းများကို ယနေ့ နံနက်ပိုင်းက မတ္တရာမြို့ အမှတ်(၁)ရပ်ကွက် အောင်မြေသုခဘုန်းတော်ကြီးကျောင်းသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့သို့လှူဒါန်းမှုတွင် ဆီ (၁၀၀)ပိဿာ၊ ငါးခြောက် ပိဿာ (၁၀၀)၊ ဆိတ်သားခြောက် ပိဿာ (၂၀)၊ ကြက်ဉ အလုံး ၂၀၀၀၊ ကြက်သွန်နီ ပိဿာ (၁၀၀)၊ ကြက်သွန်ဖြူ ပိဿာ (၃၀)၊ အာလူး ပိဿာ (၁၀၀)၊ ကုလားပဲ ပိဿာ (၅၀)၊ ခရမ်းချဉ်သီး ပိဿာ (၂၀၀)၊ ဆား ပိဿာ (၁၀၀) နှင့် အောင်မြေသုခကျောင်း၌ ထားရှိသော Facility Quarantine တွင် အသုံးပြုရန်အတွက် Hand Gel ဘူး (၂၀) စုစုပေါင်းကျပ် (၃၅)သိန်းတန်ဖိုးရှိ ပစ္စည်းများအား အလှူရှင် ဦးမောင်မောင်သိန်း + ဒေါ်သန္တာဝင်း (ဝမ်းဝန်း၊တူးတူး) မိသားစုတို့မှ အောင်မြေသုခဘုန်းတော်ကြီးကျောင်း ဆရာတော် ဒေါက်တာဘန္ဒန္တခေမိဿရထံသို့ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ လှူဒါန်းခဲ့သည်။ လှူဒါန်းမှုအပြီးတွင် အောင်မြေသုခကျောင်း ဆရာတော်မှ ကျောင်းတိုက်အသီးသီးသို့ လှူဖွယ်ပစ္စည်းများအား လိုက်လံပို့ဆောင်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ စာသင်တိုက်များတွင် လက်ရှိကာလ၌ ဆရာတော်၊ သံဃာတော် အရှင်သူမြတ် ၂၂၆ ပါးနှင့် သီလရှင် အပါး ၂၀ စုစုပေါင်း ၂၄၆ ပါး သီတင်းသုံးလျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


