မတ် ၁၄
ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် နိုင်ငံအများသို့ ကူးစက်ပျံ့နှံ့နေသည်။ ကမ္ဘာ့နိုင်ငံများ၊ ကမ္ဘာ့ပြည်သူများ အားလုံးတို့သည် နိုးနိုးကြားကြားဖြင့် ကပ်ရောဂါကို ကျော်လွှားနိုင်အောင် တညီတညွတ်တည်း ကြိုးပမ်းအားထုတ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ကပ်ရောဂါကို ကြံ့ကြံ့ခံ ဟန့်တားရင်ဆိုင်နိုင်အောင်၊ တညီတညွတ်တည်း ကြိုတင်ကာကွယ် တားဆီးရင်ဆိုင် ဖြေရှင်းနိုင်အောင် ပြင်ဆင်လျက်ရှိသည်။
ကပ်ရောဂါသည် ပြည်သူပြည်သားများ အားလုံး၏အရေးဖြစ်၍ နိုးနိုးကြားကြား တက်တက်ကြွကြွ ဆောင်ရွက်နေကြခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးသည်လည်း ပြည်သူပြည်သားများ အားလုံး၏ အရေးဖြစ်သည်။ ကပ်ရောဂါအရေးကဲ့သို့ ငြိမ်းချမ်းရေးကိုလည်း တညီတညွတ်တည်း ဝိုင်းဝန်းကြိုးပမ်း အားထုတ်ရမည်ဖြစ်သည်။ ကပ်ရောဂါပြဿနာကို တစ်ကမ္ဘာလုံးရှိ ပြည်သူ ပြည်သားများအားလုံး ဝိုင်းဝန်းအဖြေရှာ ကာကွယ်တားဆီးခြင်းဖြင့် မဝေးသောကာလတွင် ရောဂါကင်းဝေးငြိမ်းအေးမည်ဟု မျှော်လင့်ပါသည်။
ငြိမ်းချမ်းရေးသည် တညီတညွတ်တည်း ညှိနှိုင်း အဖြေမရှာနိုင်သေးသောကြောင့် အလှမ်းဝေးနေသေးသည်။ နှစ်ပေါင်း ၇၀ ကျော်ကြာ ကာလရှည်ကြာလာခဲ့၍ တိုင်းပြည်ရောလူမျိုးပါ အထိနာနေလှပြီ။ ထို့ကြောင့် ပြည်သူများ အားလုံး၏အရေးဖြစ်သည့် ငြိမ်းချမ်းရေးကို အားလုံး တညီတညွတ်တည်း ဝိုင်းဝန်းအဖြေရှာကြရမည်။ ငြိမ်းချမ်းရေးအတွက် အခက်အခဲများ၊ စိန်ခေါ်မှုများ မည်မျှပင်ရှိပါစေ ငြိမ်းချမ်းရမည်ဟူသည့် တူညီသည့်အချက်များ တညီတညွတ်တည်း ရှာဖွေနိုင်ပါက ငြိမ်းချမ်းမည်ဖြစ်သည်။ အချင်းချင်း သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှု၊ ညှိနှိုင်းပေါင်းစပ်မှု၊ ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်မှုနှင့် စိတ်ရင်းစေတနာ မှန်ကန်ကောင်းမွန်မှုတို့ဖြင့် ဆောင်ရွက်နိုင်ပါက ငြိမ်းချမ်းမည်သာ ဖြစ်သည်။
တစ်ကမ္ဘာလုံးအရေးကို မဖြစ်မနေ ကျော်လွှားနိုင်အောင် ဆောင်ရွက်ကြမည်ဟု တူညီသည့် သန္နိဋ္ဌာန်ထားရှိကြသကဲ့သို့ မြန်မာတစ်နိုင်ငံလုံး၏ အရေးကိုလည်း မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက်ကြမည်ဟု အားလုံးက သန္နိဋ္ဌာန် ထားရှိဆောင်ရွက်ပါက အောင်မြင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးကို ပျက်ပြားအောင်၊ နှောင့်နှေးအောင် တစ်စုတစ်ဖွဲ့ကသာ ဆောင်ရွက်နိုင်သော်လည်း ငြိမ်းချမ်းရေး အောင်မြင်အောင် အစုအဖွဲ့အားလုံးက လက်တွဲဆောင်ရွက်မည်ဆိုလျှင် အောင်မြင်မည်ဖြစ်သည်။ အားလုံးပူးပေါင်း ဆောင်ရွက်လျှင် အောင်မြင်မှုများမလွဲမသွေရရှိမည် ဖြစ်သည်။
အသိုက်အဝန်းတစ်ခုအတွင်းရှိ အစုအဖွဲ့တို့တွင် မတူကွဲပြားသော၊ သဘောထားမတူညီသော အစုအဖွဲ့လည်းရှိမည် ဖြစ်သည်။ ထိုမတူညီမှုသည် ထိုအစုအဖွဲ့ အတွက်သာဖြစ်ပြီး အစုအဖွဲ့အားလုံး၊ ပြည်သူအားလုံးအတွက် ဆောင်ရွက်မည်ဟု စိတ်ဆန္ဒရှိပါက အပေးအယူအလျှော့အတင်း ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ရယူရမည်ဖြစ်သည်။ မိမိအစုအဖွဲ့အတွက်သာမက အားလုံးအတွက် ဟူသည့် ခံယူချက်ဖြင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်နေကြသည်ဖြစ်၍ လက်တွဲပူးပေါင်းပြုလုပ်ကြရမည် ဖြစ်သည်။
မတ်လ ၁၂ ရက်နေ့က ပြုလုပ်သည့် (၁၈) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ - UPDJC အစည်းအဝေးတွင် UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "အစုအဖွဲ့ အားလုံး ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ အစုအဖွဲ့တစ်ဖွဲ့အနေနဲ့ ကိုယ့်ရဲ့ လိုလားချက်တွေကို ရာခိုင်နှုန်းပြည့်ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ ရာခိုင်နှုန်းပြည့် တစ်ရာရာခိုင်နှုန်း လိုချင်တာရမှ ပူးပေါင်းပါဝင်ဆောင်ရွက်မယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ စေ့စပ်ညှိနှိုင်းလို့ရနိုင်မှာ မဟုတ်ပါဘူး။ အပေးအယူ၊ အလျှော့အတင်း လုပ်ရဲမှသာ နိုင်ငံရေးစားပွဲဝိုင်းထဲ ဝင်ဖို့ သင့်လျော်မှာဖြစ်သလို နိုင်ငံရေးစားပွဲဝိုင်းထဲ ဝင်ထိုင်ပြီးမှတော့ အပေးအယူ၊ အလျှော့အတင်း လုပ်နိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်" ဟု ပြောကြားထားသည်။
သို့ဖြစ်ရာ မျက်မှောက်ကာလတွင် တစ်ကမ္ဘာလုံး ကြုံတွေ့နေရသော ကပ်ရောဂါဆိုးကြီးကို ဖြေရှင်းနိုင်ရေးအတွက် မတူကွဲပြားသော ကမ္ဘာ့နိုင်ငံများ၊ ကမ္ဘာ့လူမျိုးများ အားလုံး ရန်သူ၊ မိတ်ဆွေ၊ ချစ်သူ၊ မုန်းသူမခွဲခြားဘဲ အတူတကွ လက်တွဲဆောင်ရွက်နေကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း တစ်နိုင်ငံလုံးအရေးဖြစ်သည့် ကပ်ရောဂါဘေးအပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေးကို မတူကွဲပြားမှုများ မခွဲခြားဘဲ အားလုံးလက်တွဲဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ