mdn

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှ (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားသို့

ပေးပို့သည့် သဝဏ်လွှာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၉ ရက်

(၁၃၈၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်)

 

မွန်တိုင်းရင်းသားအပေါင်းတို့ အလေးအမြတ် ဂုဏ်ယူတန်ဖိုးထားသည့် နေ့ထူးနေ့မြတ်ဖြစ်သော မွန်အမျိုးသားနေ့ အခါသမယတွင် မွန်တိုင်းရင်းသား များအားလုံးကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

 

အတည်ပြုသတ်မှတ်ခဲ့

 

ဟံသာဝတီမင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သော သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့် ကျော်(၁)ရက်နေ့ကို မွန်အမျိုးသားနေ့ အဖြစ်သတ်မှတ်ကြောင်း ၁၉၄၆ ခုနှစ်တွင် ပြုလုပ်သည့် မွန်တိုင်းရင်းသား ညီလာခံတွင် တညီတညွတ်တည်း အတည်ပြုသတ်မှတ်ခဲ့သည်။ ထိုအချိန်မှ စ၍ မွန်အမျိုးသားနေ့ အခမ်းအနားများကို ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင်(၇၃)ကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။

 

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အလျောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး သည် အလွန်အရေးကြီးပါသည်။ မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဖြတ်သန်းလာခဲ့ရသည့် နှစ်ပေါင်း(၇၀)ကျော်ကာလ၏ ပကတိအရှိတရားကို သုံးသပ်ကြည့်လျှင် နိုင်ငံရေးပြဿနာ များကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်း နိုင်သဖြင့်တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်မှုမတည်ဆောက် နိုင်ခဲ့ရာမှ အကျိုးဆက်အားဖြင့် နိုင်ငံတော်ကြီး ငြိမ်းချမ်းရေးနှင့် အလှမ်းကွာဝေး၍ ဖွံ့ဖြိုး တိုးတက်မှုများလည်း နှောင့်နှေးခဲ့ရသည်ကိုဝမ်းနည်းဖွယ်ရာ မြင်တွေ့ခဲ့ရပါသည်။

 

အခိုင်အမာယုံကြည်ထား

 

ယခုအခါတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် မူလဇာစ်မြစ်ဖြစ်သော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ညှိနှိုင်းဖြေရှင်းရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးပေး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။ ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ အိပ်မက်ဖြစ်သည့် ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးတို့ အမှန်တကယ် အကောင်အထည်ပေါ်လာမည် ဟုလည်း အခိုင်အမာယုံကြည်ထားပါသည်။

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် သို့ မွန်ပြည်သစ်ပါတီသည် ၂၀၁၈ ခုနှစ်မှစ၍ ပူးပေါင်းပါဝင်လာကာ နိုင်ငံရေး ဆွေးနွေးမှုဖြစ်စဉ်တစ်လျှောက် တက်ကြွစွာပါဝင်နေမှုအတွက်လည်း နှစ်ထောင်းအားရ ဖြစ်မိပါသည်။ မိမိတို့နိုင်ငံ၏ သမိုင်းတစ်လျှောက် ပထမ ဦးဆုံး ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သည့် စစ်မှန်သောနိုင်ငံရေးဆွေးနွေးမှု အခွင့် အလမ်းကို ဆုပ်ကိုင်ရယူပြီး မိမိတို့ဘိုးဘွားများ၏ ပြည်ထောင်စုအိပ်မက်များ လက်တွေ့ အကောင်အထည်ပေါ်လာစေရေးအတွက် မိမိတို့ ပြည်ထောင်စု အတွင်းရှိ မတူကွဲပြားမှုများကို အင်အားအဖြစ်စုစည်းနိုင်ရန် အထူးပင် အရေးကြီးလှပါသည်။

 

မတူကွဲပြားထူးခြားသည့် အလှတရားများ

 

မွန်အမျိုးသားနေ့အခမ်းအနားသည် အစဉ်အလာကြီးမားသော မွန်လူမျိုးတို့၏အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် စွမ်းရည်တို့ကို ဖော်ညွှန်းဂုဏ်ဆောင် နေသကဲ့သို့ ပြည်ထောင်စုအတွင်း မတူကွဲပြားထူးခြားသည့် အလှတရားများကို ဖော်ပြနေခြင်းလည်း ဖြစ်ပါသည်။

 

မိမိတို့လျှောက်လှမ်းနေသည့် အနာဂတ်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသို့ ဦးတည်သည့် လမ်းကြောင်းတွင် စိန်ခေါ်မှုများ ရှိနေမည် ဖြစ်သော်လည်း ပြည်ထောင်စုသားအပေါင်းတို့၏ အပြန်အလှန် ယုံကြည် လေးစားမှုကို အခြေခံလျက် စုစည်းညီညွတ်သောအင်အားများဖြင့် ရင်ဆိုင် ကျော်လွှားသွားနိုင်မည်ဟုလည်း အခိုင်အမာ ယုံကြည်ထားပါသည်။

 

မွန်တိုင်းရင်းသားများအနေဖြင့် ယခု (၃)ကြိမ်မြောက် မွန်အမျိုးသား နေ့ အခါသမယမှသည် အနာဂတ် ပြည်ထောင်စုခရီးရှည်အား အခြား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူလက်တွဲပြီး ညီညွတ်တက်ကြွ စွာဆက်လက်ပါဝင်နိုင်ပါစေ၊ မွန်ပြည်နယ်အတွင်းနှင့်နေရာဒေသအသီးသီးတွင်  နေထိုင်ကြသော မွန်တိုင်းရင်းသားများအားလုံး ငြိမ်းချမ်းကြပါစေ၊ ဆက်လက် ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်တောင်းလျက် ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် သဝဏ်လွှာပေးပို့အပ်ပါသည်။

 

အောင်ဆန်းစုကြည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်