မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ပြည်ထောင်စုနိုင်ငံ ဟူသည် ဘာသာစကား၊ ကိုးကွယ်မှု၊ အသွေးအရောင်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ မတူကွဲပြားသည့် တိုင်းရင်းသားလူမျိုးများ စုစည်းနေထိုင် သော နိုင်ငံဖြစ်သည်။ ထိုသို့မတူကွဲပြားသည့် အသွေးအရောင်များ စုံလင်လှသော ပြည်ထောင်စု ပန်းဥယျာဉ်ကြီးသည် မည်မျှနှစ်သက်ဖွယ်ကောင်းသနည်း။
မတူကွဲပြားသော တိုင်းရင်းသားလူမျိုးစုများ ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြမည်ဆိုပါက နှစ်လိုဖွယ်ကောင်းသော အလွန်လှပသည့် ပြည်ထောင်စုကြီး ဖြစ်ပေလိမ့်မည်။ ပြည်ထောင်စုကြီးအတွင်း တစ်မိသားစုတည်းမှ ဆင်းသက် ပေါက်ဖွားလာကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ဖြစ်သည်ဟု စိတ်ထားခံယူသည့် ပြည်ထောင်စု စိတ်ဓာတ်ရှိမှသာ ထိုအဆင်း ဖြစ်ပေလိမ့်မည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၄ ရက်နေ့က မော်လမြိုင်မြို့ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ''မျိုးရိုး၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်မှုမတူသော်လည်း နှလုံးသားချင်း တူညီသည့် နိုင်ငံတစ်နိုင်ငံ၏ အသွင်အပြင်မှာ အင်မတန်မှ လှပတင့်တယ်ပါ ကြောင်း'' ပြောကြားခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မွန်တိုင်းရင်းသား အများစုနေထိုင်သည့် မွန်ပြည်နယ်သို့ ရောက်ရှိစဉ် တိုင်းရင်းသား အချင်းချင်းအကြား ချစ်ချစ်ခင်ခင်၊ ညီညီညွတ်ညွတ် နေထိုင်ကြသည်ကို မြင်တွေ့ရသဖြင့် ထိုသို့ ဝမ်းမြောက်စကား ပြောကြားခဲ့ခြင်းဖြစ်သည်။
အလားတူပင် မည်သည့်တိုင်းရင်းသားလူမျိုးဖြစ်စေ ညီညီညွတ်ညွတ် နေထိုင်သည်ကို အားလုံးက မြင်တွေ့လိုကြသည်။ ထိုသို့ ညီညီညွတ်ညွတ် နေထိုင်မှသာ တင့်တယ်သော ပြည်ထောင်စုကြီး ဖြစ်ပေလိမ့်မည်။ ယင်းပြည်ထောင်စုနိုင်ငံကို ဖြစ်စေလိုသော ဆန္ဒတစ်ခုတည်းဖြင့် မရနိုင်ဘဲ ဆန္ဒကို ဝီရိယ၊ စိတ်ဓာတ်၊ ပညာဖြင့် ယူဆောင်သွားမှသာ ဖြစ်နိုင်ကြောင်းနှင့် အားလုံးက ဝိုင်းဝန်းကြိုးစား ကြစေလိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုက်တွန်းပြောကြားထားသည်။
မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်မည့် ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို ကြိုးပမ်း တည်ဆောက်နေသည်။ အဆိုပါ ပြည်ထောင်စု ထူထောင်ရေး၊ တည်ဆောက်ရေး လုပ်ငန်းများတွင် အားလုံးပါဝင်ရန် လိုအပ်သကဲ့သို့ အကျိုးရလဒ်များကိုလည်း ထိန်းသိမ်းရန်လိုအပ်သည်။ ပြည်သူများ တိုးတက်မှ နိုင်ငံတိုးတက်မည်ဖြစ်၍ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုများကို ပြည်သူလူထု၏ ဝီရိယ၊ စိတ်ဓာတ်၊ ပညာစွမ်းပကားများဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ပြည်ထောင်စုဆိုသည်မှာ အားလုံးစုပေါင်းအင်အားဖြင့် တည်ထောင်ထားသည့် နိုင်ငံဖြစ်သည်။ စုပေါင်းအင်အားဖြင့် တည်ထောင်ထားသည့်အတွက် အားလုံးစုပေါင်းအင်အားဖြင့် ဆောင်ရွက်ကြရန် လိုအပ်သည်။ ကမ္ဘာပေါ်တွင် ချမ်းသာသည့်နိုင်ငံ များသည်ပင် ဆင်းရဲမှုနှင့်မလွတ်ကင်းနိုင်ချေ။ ထို့ကြောင့် နိုင်ငံကိုတိုးတက်အောင်ဆောင်ရွက်ရာ၌ အညီအမျှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရသည်။ ဆင်းရဲချမ်းသာ ကွာဟမှု နည်းလေ၊ နိုင်ငံတည်ငြိမ်အေးချမ်းမှု များလေဖြစ်၍ ဖွံ့ဖြိုးတိုးတက်မှုများကို နယ်မြေဒေသအားလုံး မျှတအောင် ဆောင်ရွက်ပေးနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
နိုင်ငံတစ်ဝန်းလုံး ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ပေးရသည်မှာ လွယ်ကူသော အလုပ်မဟုတ်သော်လည်း အတတ်နိုင်ဆုံး ဆောင်ရွက်ပေးလျက်ရှိသည်။ စီးပွားရေးအကျိုးအမြတ် တစ်ခုတည်းကိုသာကြည့်၍ ဆောင်ရွက်မရနိုင်ဘဲ နိုင်ငံရေး၊ လူမှုရေးအရအထောက်အကူ ဖြစ်စေရန် ဆောင်ရွက်ပေးရသည်များလည်း ရှိသည်။ စိန်ခေါ်မှုများစွာကြားမှ တစ်နိုင်ငံလုံး အချိုးညီမျှတရေး လိုအပ်သည့် ကွက်လပ်များကို နိုင်ငံတော် အစိုးရက တစ်ခုချင်းစီ၊ တစ်ခုချင်းစီ ဖြည့်စွမ်းပေးနေရသည်ကို ပြည်သူလူထုအများက နားလည်သိရှိဖို့ လိုအပ်ပေသည်။
သို့ဖြစ်ရာ ပြည်ထောင်စု၏ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ တိုင်းရင်းသားပြည်သူအားလုံး ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး၊ အေးချမ်းစွာနေထိုင်မည်ဟူသည့် ပြည်ထောင်စုစိတ်ဓာတ် အရင်းခံဖြင့် ရောင်စုံပန်းများ ပွင့်လန်းဝေဆာနေသည့် ပြည်ထောင်စုကြီးအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် တိုင်းရင်းသား ပြည်သူလူထုအားလုံး ညီညီညွတ်ညွတ်ဖြင့် အတူပူးပေါင်းလက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရ မည် ဖြစ်ပါကြောင်း။ ။