မတူကွဲပြားသော ရှုထောင့်တို့၏ ဆုံမှတ်

၁၃ ဒီဇင်ဘာ

 

ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် နိုင်ငံတကာတို့ကြား သဘောထားအမြင်ကွဲလွဲမှုသည် မတူခြားနားသော ချဉ်းကပ်ပုံ၌ အခြေပြုနေပါသည်။ နိုင်ငံတကာက ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် လူ့အခွင့်အရေးရှုထောင့်သက်သက်မှ ရှုမြင်သုံးသပ်ကြပါသည်။ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် တိုင်းရင်းသားအခွင့်အရေး တောင်းဆိုမှုနှင့်အတူ တိုင်းပြည်၏ အချုပ်အခြာအာဏာ ထိပါးလာခြင်းဟူသော ရှုထောင့်မှ ရှုမြင်သုံးသပ်ပါသည်။ မတူညီသော ရှုထောင့်တို့မှ ရှုမြင်သုံးသပ် ကြသည်ဖြစ်၍ မြန်မာနိုင်ငံနှင့် နိုင်ငံတကာတို့ကြား သဘောထားအမြင်တို့သည် ကွာဟသည်ထက် ကွာဟလာပါသည်။

 

ဤသို့ ကွာဟသည်ထက် ကွာဟလာသော သဘောထားအမြင်တို့ကို ဆုံချက်တစ်ခုဖြစ်ပေါ်လာစေရန် စုစည်းဆက်စပ်ပေးမည့် နည်းလမ်းတစ်ရပ်ရှိပါသည်။ အဆိုပါ နည်းလမ်းမှာ တစ်ဖက်၏ တရားနည်းလမ်းကျသော စိုးရိမ်သောကအပေါ် ကျန်တစ်ဖက်က အလေးအနက် အသိအမှတ်ပြုခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံက နိုင်ငံတကာ၏ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်သောကအပေါ် အသိအမှတ်ပြုသည့်နည်းတူ နိုင်ငံတကာကလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာထိပါးလာမည့် စိုးရိမ်သောကအပေါ် အသိအမှတ်ပြုရန် လိုအပ်ပါသည်။ လူသားတို့၏ အခြေခံအခွင့်အရေး တို့ကိုသာ ကြားလို၊ မြင်လိုသည်၊ တိုင်းရင်းသားအခွင့်အရေးနှင့် အချုပ်အခြာအာဏာဆိုသည်တို့ကို မမြင်လို၊ မကြားလိုဟု ဆုပ်ကိုင်နေပါက ရခိုင်ပြည်နယ်အရေးကိစ္စဆိုင်ရာ အဖြေကို မည်သို့မည်ပုံ ညှိနှိုင်းရယူ နိုင်ပါမည်နည်း။

 

သိမ်မွေ့နက်ရှိုင်း၍ အတိမ်းအစောင်းမခံနိုင်သော ပြဿနာတို့အား သေးငယ်သော်လည်း ရှင်းလင်းတိကျသော ခြေလှမ်းတို့ဖြင့် စတင်ကိုင်တွယ် သင့်သည်ဟု ဆိုကြပါသည်။ တစ်ဖက်နှင့် တစ်ဖက်အကြား တည်ရှိနေမည့် မတူကွဲပြားသော စိုးရိမ်သောကတို့အပေါ် ရှင်းလင်းပြတ်သားစွာ အပြန်အလှန် အသိအမှတ်ပြုခြင်းသည် အဖြေရရှိနိုင်သည့် လမ်းစကို ရှာဖွေပေးမည် ဖြစ်ပါသည်။ ဒုတိယအဆင့်အနေဖြင့် နှစ်ဖက်စလုံးက ပြဿနာအား အမှန်တကယ် ဖြေရှင်းလိုစိတ်ရှိကြောင်း ရှင်းလင်းပီသစွာ ထုတ်ဖော်ပြသ ရမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံက ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းပေးမည့် အခြေခံမူနှစ်ရပ်ကို ရှင်းလင်းပီသစွာ ချမှတ်ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော ဘင်္ဂါလီမျိုးနွယ်တို့ကို စိစစ်လက်ခံမည်ဟု ပြောကြားပြီး ဖြစ်သကဲ့သို့ စိစစ်ပြီး ဘင်္ဂါလီမျိုးနွယ်တို့အနက်မှ ဥပဒေနှင့် ညီညွတ်သူတို့ကို နိုင်ငံသား အခွင့်အရေးပေးမည်ဟု ကတိပြုပြီး ဖြစ်ပါသည်။ နိုင်ငံတကာက မြန်မာနိုင်ငံ၏ ပြဿနာဖြေရှင်း လိုစိတ်ကို လေးလေးနက်နက် အသိအမှတ်ပြုရန် လိုအပ်ပါသည်။ နိုင်ငံတကာအနေဖြင့် ဤသို့သော အသိအမှတ်ပြုမှုနှင့်အတူ အဆိုပါ လုပ်ငန်းစဉ်နှစ်ရပ်အား ထိရောက်လျင်မြန်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် မည်သို့မည်ပုံ ပံ့ပိုးကူညီမည်ဆိုသည်ကိုလည်း နွေးနွေးထွေးထွေး အဆိုပြုသင့်ပါသည်။ ဤလုပ်ငန်းစဉ်တို့ကို မှန်ကန်မျှတမှုနှင့်အတူ ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော်လိုပါက ပြင်ပမှ ဖိအားပေး အပြစ်တင်သည်ထက် အဆိုပါလုပ်ငန်းစဉ်တို့၌ လက်တွေ့ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သည်က ပိုမို အကျိုးဖြစ်ထွန်းစေသည်ကို အသိအမှတ်ပြုရန် လိုအပ်ပါကြောင်း အလေးအနက် တင်ပြအပ်ပါသည်။