၂၂ အောက်တိုဘာ
ဒီတစ်ခါ နိုင်ငံတကာရေးရာမှာ တင်ပြချင်တဲ့အကြောင်းကတော့ ဗြိတိန်တော်ဝင်မင်းသားညီနောင်အကြောင်းပဲ ဖြစ်ပါတယ်။ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီက သူ့အစ်ကိုနဲ့ လျှောက်လှမ်းရာ လမ်းကြောင်းချင်း မတူညီသလို တစ်ခါတစ်ရံမှာ အခန့်မသင့်မှုလေးတွေ၊ အဖုအထစ်လေးတွေ ဖြစ်တတ်တယ်လို့ ပြောလိုက်ပါတယ်။ အသက် ၃၅ နှစ်ရှိ မြင့်မြတ်သောဂုဏ်ထူးဘွဲ့ကို ကင်ပွန်းတပ်ခံထားတဲ့ မင်းသားဟယ်ရီဟာ သူ့အစ်ကိုနဲ့ ပုံစံချင်းမတူပါဘူး။ သူ့အစ်ကိုဖြစ်တဲ့ မင်းသားဝီလီယံကတော့ ဗြိတိန်အိမ်ရှေ့စံမင်းသား ချားလ်စ်နဲ့ ဝေလမင်းသမီး ဒိုင်ယာနာတို့ရဲ့ သားဦးဖြစ်ကာ ဒုတိယအိမ်ရှေ့နန်းလျာ ဖြစ်ပါတယ်။ သူ့ကို လန်ဒန်မြို့ စိန့်မေရီဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ ဟယ်ရီက ဒုတိယမြောက်သားတော် ဖြစ်ပါတယ်။ ဟယ်ရီဟာ ဗြိတိန်နန်းမွေဆက်ခံမယ့်စာရင်းမှာ ခြောက်ယောက်မြောက်နေရာမှာရှိနေတဲ့သူ ဖြစ်ပါတယ်။
အလွန်ချစ်ပါတယ်
အသက် ၃၅ နှစ်ရှိ ဟယ်ရီနဲ့ အသက် ၃၇ နှစ်ရှိ ဝီလီယံတို့ဟာ ညီအစ်ကိုတွေ ဖြစ်ပေမယ့်လည်း ဟယ်ရီဟာ သူနဲ့ သူ့အစ်ကိုကြား ကြီးထွားလာတဲ့ ကောလာဟလသတင်းတွေကြောင့် ဒုက္ခရောက်နေရပါတယ်။ တော်ဝင်မိသားစုထဲမှာ မလွှဲမရှောင်သာတဲ့ ကိစ္စရပ်တွေလည်း ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။
ဟယ်ရီဟာ သူ့ရဲ့ကြင်ရာတော် ဆူးဆက်စ်နယ်စားကတော် မီဂန်မာကယ်နဲ့ မကြာသေးခင်ကမှ သွားခဲ့တဲ့ တောင်အာဖရိကခရီးစဉ်ရဲ့ အိုင်တီဗွီ ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်း တစ်ခုမှာတော့ "ကျွန်တော်တို့ဟာ ညီအစ်ကိုတွေပါပဲ။ ကျွန်တော်တို့ အမြဲပဲ ညီအစ်ကိုတွေပါပဲ" လို့ ပြောခဲ့ပါတယ်။
"အခုလတ်တလောမှာ ကျွန်တော်တို့တွေ မတူညီမှုလေးတွေရှိနေသော်လည်း ကျွန်တော့်အနေနဲ့ သူ့ဘက်မှာ အမြဲရှိနေမှာပါ။ အဲဒီလိုပဲ သူကလည်း ကျွန်တော့်ဘက်မှာ အမြဲရှိနေမှာပါ" လို့ ဟယ်ရီက ဆက်ပြောပါတယ်။ "ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက်မတွေ့နိုင်ကြသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အလုပ်တွေ အလွန်များနေလို့ပါလို့ ဟယ်ရီက ပြောပါတယ်။ ဒါပေမယ့် သူ့ကိုတော့ အလွန်ချစ်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
ဝေးကြပြီ
အဆင်မပြေမှုတွေဟာ ဘာမှမဟုတ်ပါဘူး။ ညီအစ်ကိုတွေအနေနဲ့ ကောင်းတဲ့ရက်တွေရှိသလို ဆိုးတဲ့ရက်တွေလည်း ရှိပါတယ်လို့ ဟယ်ရီက ပြောပါတယ်။ ဝီလီယံနဲ့ ဟယ်ရီတို့ဟာ သူတို့မိခင် ဝေလမင်းသမီး ဒိုင်ယာနာအသက် ၃၆ နှစ်မှာ ကားမတော်တဆမှုနဲ့ ဆုံးပါးသွားပြီးနောက်မှာ ခိုင်မာတဲ့ချစ်ကြည်မှုတွေနဲ့ ကြီးပြင်းခဲ့ကြပါတယ်။
သို့သော်လည်း တစ်ချိန်က ဝီလီယံဟာ ရာဇပလ္လင်အတွက် ဦးတည်ချက် ထားနိုင်ခဲ့သော်လည်း အခုတော့ ဟယ်ရီမှာ ဇနီးနဲ့နန်းမွေလျာ ကလေးလည်းရှိလာခဲ့ပြီဆိုတော့ ဝီလီယံဟာ အခြေအနေတစ်မျိုးတစ်မည် ထူးခြားအောင် သူကိုယ်တိုင် စတင်လှုပ်ရှားရတော့မယ့် အနေအထား ရောက်ရှိလာခဲ့တဲ့သဘောပါ။ ဒီနှစ်မှာ ညီအစ်ကိုတွေဟာ သူတို့ရဲ့ ပူးတွဲရုံးများနဲ့ ကုသိုလ်ဖြစ် ဖောင်ဒေးရှင်းများကိုလည်း ခွဲထုတ်ခဲ့သလို အတူတူ နီးကပ်ဆက်ဆံမှုများ ပြုလုပ်ခြင်းမရှိတော့ကြောင်းလည်း သိရပါတယ်။
အရပ်သူ မီဂန်
ဟယ်ရီနဲ့ မီဂန်တို့ဟာ ၂၀၁၈ ခုနှစ် မေလမှာ လက်ထပ်ခဲ့ပြီး သားဦးလေးဖြစ်တဲ့ အာချီမောင့်ဘတ်တန်ဝင်ဆာကို ဒီနှစ် မေလမှာ ဖွားမြင်သန့်စင်ခဲ့ပါတယ်။ ဝီလီယံရဲ့ဇနီး ကိတ်နဲ့ ရန်ငြိုးထားတယ်လို့ ကောလာဟလ သတင်းများ ထွက်ပေါ်လာခဲ့တဲ့ မီဂန်ကို သူ့သူငယ်ချင်းများက မင်းသားဟယ်ရီကို လက်မထပ်ဖို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အမေရိကန် ရုပ်ရှင်မင်းသမီး တစ်လက်ဖြစ်တဲ့ မီဂန်က ဟယ်ရီကို သဘောကျ နှစ်ခြိုက်ခဲ့ပါတယ်။ မင်းသမီး မီဂန်ဟာ ရိုမန်ကက်သလစ် ဘာသာဝင် အမေရိကန် လူလတ်တန်းစားမိသားစုက ပေါက်ဖွားလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ကျား မ တန်းတူအရေးနဲ့ လူသားချင်းစာနာထောက်ထားတဲ့ ကိစ္စရပ်တွေမှာ ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ အသက် ၃၈ နှစ်ရှိတဲ့ မီဂန်ဟာ ရုပ်ရှင်နဲ့တီဗွီ ထုတ်လုပ်ရေးမှူးတစ်ဦးနဲ့ အရင်က အိမ်ထောင်ကျခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
ကုလသမဂ္ဂရဲ့ လုပ်ငန်းတာဝန် တချို့ကို ဟယ်ရီနဲ့ မီဂန်တို့ နီးနီးကပ်ကပ်ထမ်းဆောင်ခဲ့ပြီးနောက်မှာ သူတို့နှစ်ဦးဟာ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ သူတို့ရဲ့ အချစ်ဇာတ်လမ်းစတင်ခဲ့ပြီး နိုဝင်ဘာလမှာတော့ သူတို့နှစ်ဦး စေ့စပ်ခဲ့ကြပါတယ်။ ဒီနေရာမှာ ဟယ်ရီအနေနဲ့ အရပ်သူတစ်ဦးဖြစ်တဲ့ မီဂန်ကို လက်ထပ်လိုက်တဲ့အတွက် အခက်အခဲတွေ အနည်းငယ်ကြုံတွေ့ခဲ့ရပါတယ်။ အရင်က ဗြိတိန်တော်ဝင် မျိုးဆက်တွေဟာ ရိုမန်ကက်သလစ် ဘာသာဝင်တွေကို လက်ထပ်လိုက် ရင် ထီးနန်းဆက်ခံခွင့်ရမှာမဟုတ်ဘူးလို့ ပြဋ္ဌာန်းထားပါတယ်။ သို့သော် လည်း ၂၀၁၅ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ထီးနန်း ဆက်ခံရေးနည်းဥပဒေသစ် မှာ ဒါကို ပယ်ဖျက်ခဲ့ပါတယ်။ မီဂန်အနေနဲ့ မင်းသားဟယ်ရီနဲ့ လက်ထပ်လိုက်ပေမယ့် မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ တပ်ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။
မိသားစုအရေးကာကွယ်
ဗြိတိန်သတင်းစာတွေကလည်း ဒီအကြောင်းကို အားရပါးရရေးကြပါတယ်။ အသက် ၃၈ နှစ်ရှိတဲ့ မီဂန်ဟာ အခုတော့ သူ့ရဲ့ မိသားစုအကြောင်းနဲ့ရော နန်းတော်မှာ ကွဲလွဲမှုတွေဖြစ် နေတဲ့အကြောင်းနဲ့ပါ သတင်းစာတွေရဲ့ ထိုးနှက်မှုကို ခံနေရပါတယ်။ သူ့ဖခင်ရဲ့ ကိုယ်ရေးကိုယ်တာကို စွပ်စွဲရေးသားခဲ့တဲ့အတွက် ဗြိတိန်သတင်းစာ သည်မေးလ်ကိုလည်း တရားစွဲ ထားပါတယ်။ ဟယ်ရီဟာ ဖုန်းပြောမှုကို ကြားဖြတ်ထောက်လှမ်းမှုပြုလုပ်ခြင်း သို့မဟုတ် အသံမေးလ်များကို ကြားဖြတ်ယူခြင်းတွေကို တရားမဝင်ပြုလုပ်ခဲ့တဲ့ ဗြိတိန်သတင်းစာ အုပ်စုနှစ်စုကိုလည်း တရားစွဲထားပါသေးတယ်။
မီဂန်ဟာလည်း ဒိုင်ယာနာလိုပဲ သတင်းမီဒီယာတွေရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဟယ်ရီက ပြောပါတယ်။ ကျွန်တော့်အနေနဲ့ မိသားစုကိုကာကွယ်ရမယ်လို့ သူကဆက်ပြောပါတယ်။ ကျွန်တော့်အမေကို သတ်ခဲ့တဲ့အဖြစ်မျိုး အရောက်မခံနိုင်ဘူးလို့ ဟယ်ရီက မိသားစုအရေး ကာကွယ်ပြောကြားထားပါတယ်။
မီဂန်က သူ့အနေနဲ့ ဗြိတိန်အထက်တန်းလွှာတွေရဲ့ အမူအကျင့်မျိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့်လည်း တကယ်တမ်းကျတော့ အတွင်းပိုင်းပျက်စီးနေတဲ့ အရာတွေသာဖြစ်တယ်လို့ ထင်မြင်ယူဆမိကြောင်း ပြောပါတယ်။ တစ်ခုခုရှင်သန်နေဖို့အတွက် ကြိုးစားနေရတာဟာ ဘ၀ရဲ့ တကယ့်အနှစ်သာရမဟုတ်ဘူးလို့ မီဂန်က ပြောပါတယ်။ သူ့အနေနဲ့ ဘ၀မှာ ဒုက္ခတွေနဲ့ တွေ့ကြုံခဲ့သလားလို့ မေးရင် ရိုးသားစွာနဲ့ပဲ ဟုတ်တယ်လို့ပဲ ပြောရမှာပါလို့ ဆိုပါတယ်။
ဘ၀ရဲ့အနှစ်သာရရှာဖွေ
သူ့ရဲ့ဘ၀မှာ အတိတ်ဆိုးတွေ တွေ့ကြုံခဲ့တဲ့ ဟယ်ရီကလည်း ကျွန်တော့်အနေနဲ့ အရှုပ်တော်ပုံတွေထဲက ထွက်သင့်ပြီထင်တယ်လို့ ပြောလိုက်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ အခုတော့ အလုပ်က ရက်သတ္တပတ် ခြောက်ပတ်လောက် အနားယူထားပါတယ်။
ဟယ်ရီက အာဖရိကခရီးစဉ်မှာ ဘာပြောခဲ့လဲဆိုရင် သူ့အနေနဲ့ အာဖရိကမှာနေချင်ကြောင်း၊ ဒါပေ မယ့်လည်း မှန်ကန်သင့်တော်တဲ့နေရာ ဆိုတာ ရှာရတာခက်ခဲကြောင်း ပြောပါတယ်။ သူ့အဘွားဘုရင်မကြီး အဲလိဇဘတ်-၂ ဟာ ဓနသဟာယ အဖွဲ့ကြီးရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အတွက် သူဟာ ဟယ်ရီကို နိုင်ငံပေါင်း ၅၃ နိုင်ငံပါဝင်တဲ့ ဒီအဖွဲ့ကြီးရဲ့ သံတမန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီနိုင်ငံပေါင်း ၅၃ နိုင်ငံမှာ အာဖရိကနိုင်ငံပေါင်း ၁၉ နိုင်ငံ ပါဝင်ပါတယ်။
ကျွန်တော်ရဲ့ ကျန်ရှိတဲ့ဘ၀မှာ ကျွန်တော်ဟာ အာဖရိကအတွက် လုံး၀ကို အာရုံစိုက်သွားမယ်လို့ သူကပြောပါတယ်။ ဒါပေမယ့်လည်း အခုလောလောဆယ် တော့ အာဖရိက ဘယ်နေရာမှာ နေရမလဲမသိသေးဘူး လို့ သူက ဆက်ပြောလိုက်ပါတယ်။ ဘ၀မှာ မတူညီမှုတွေ၊ ခြားနားမှုတွေ ရှိနေသော်လည်း ဘ၀ရဲ့ အနှစ်သာရကို ဆက်လက်ရှာဖွေရဦးမှာပါ။
ထွန်းသစ်
ကိုးကား - အေအက်ဖ်ပီ