မတူပီ၊ ၁၁ ဇန်နဝါရီ
ချင်းပြည်နယ် မတူပီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ချင်းပြည်နယ် ဘတ်ဂျတ်ဖြင့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း လေကန်းကျေးရွာအုပ်စု၊ လေကန်းကျေးရွာတွင် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၈ ဒသမ ၉၂၇၅ သန်းဖြင့် ဇိုလောင်ပီးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီက မတူပီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မတူပီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအာလ်လျန်ထန်၊ မတူပီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟာမနားယောနှင့် တာဝန်ရှိသူများအား ဇိုလောင်ပီးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာမှ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်ဦးစီးမှူး ဦးအာလ်လျန်ထန်က အဆိုပါ ကုန်ထုတ်လမ်းနှင့် ပတ်သက်၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးမြောက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး အလေးထား ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။
လေကန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းသည် အရှည်ပေ (၁၂၈၇၀)ပေ၊ လမ်းအကျယ် (၁၄)ပေဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ စုစုပေါင်း ကျပ် ၂၈ ဒသမ ၉၂၇၅ သန်းဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၆ ရက်တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း (၅၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးသွားပါက ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်များ၏ ထုတ်ကုန်၊ ပို့ကုန်များအား ကုန်ကျစရိတ်သက်သာစွာဖြင့် မြို့ကြီးများသို့ လျင်မြန်စွာ ရောက်ရှိစေမည်ဖြစ်ကြောင်း မတူပီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
တေဇာလင်း


