မတူပီ ၃၀ ဇူလိုင်
ချင်းပြည်နယ်၊ မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း စားသောက်ဆိုင်များအား ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ရောင်းချခြင်း ရှိ/မရှိ လှည့်လည်ကြည့်ရှုစစ်ဆေး ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက မတူပီမြို့ ခိုဘွေရပ်ကွက်နှင့် လောင်ဗန်းရပ်ကွက်တို့၌ မြို့နယ် အဆင့် ကိုဗစ်−၁၉ ရောဂါ၊ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များ လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်အဆင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က ဦးဆောင်ပြီး မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးထန်လင်းနှင့် စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးလိန်းလော၊ မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ CYO အဖွဲ့၊ မရာလူငယ်အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပူးပေါင်းကာ တစ်ဆိုင်ပြီး တစ်ဆိုင် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းသို့စစ်ဆေးရာတွင် “မြို့နယ်အုပ်ချုပ်ရေးမှူးက စားသောက်ဆိုင်ပိုင်ရှင်များအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စနစ်တကျ ရောင်းချရန်၊ နှာခေါင်းစည်း တပ်ဆင်ရန်၊ Face Shield တပ်ဆင်ရန် လက်ဆေးဘေစင်များကို မြင်သာသည့်နေရာတွင် ထားရှိရန်နှင့် လိုက်နာမှု မရှိသူများအား အရေးယူဆောင်ရွက်သွားမည်ဟု” မှာကြားသည်။
ယခုကဲ့သို့ စစ်ဆေးခြင်း လုပ်ငန်းကို တစ်ပတ်လျှင် (တစ်ကြိမ်)ရှောင်တခင် စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မြို့နယ်(ပြန်/ဆက်)