မတူပီ ၃၁ မတ်
ချင်းပြည်နယ်၊ မတူပီမြို့သို့ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသူများကို ကိုရိုနာဗိုင်းရပ်စ်(COVID-19)နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်တော်ပြန်များနှင့် စောင့်ကြည့်လူနာများ ထားရှိရန်အတွက် မတူပီမြို့၊ အထက(၁)ကျောင်း၌ လူဦးရေ(၂၀)ဦးအတွက် နေရာကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ပြည်ပနိုင်ငံများမှ မတူပီမြို့သို့ရောက်ရှိလာသူစုစုပေါင်း(၂၈)ဦးကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ/မရှိ (၁၄)ရက်ကြာ စောင့်ကြည့်လျက်ရှိရာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မတူပီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မတူပီမြို့၊ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“မတူပီမြို့ကို ရောက်ရှိလာတဲ့ နိုင်ငံခြားပြည်တော်ပြန်တွေကိုလည်း မတူပီမြို့၊ ပြည်သူ့ဆေးရုံမှာ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို စနစ်တစ်ကျပြုလုပ်ပြီးမှ ဝန်ကြီးဌာနရဲ့သတ်မှတ်ချက်အရ မိမိနေအိမ်တွေမှာသာ နေထိုင်ပြီး အပြင်မထွက်ရန် ညွှန်ကြားထားပါတယ်၊ ပြည်တော်ပြန်စုစုပေါင်း (၂၈)ယောက်စလုံးက ဖျားနာခြင်းမရှိ၊ ကျန်းမာရေးကောင်းမွန်လျက်ရှိပါတယ်၊ မတူပီမြို့မှာလည်း ကြိုတင်ကာကွယ်မှုတွေကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ အရှိန်အဟုန်မပျက်လုပ်ဆောင်နေပါတယ်၊ ပြည်ပနိုင်ငံတွေကနေ ထပ်မံရောက်ရှိလာမယ့် ပြည်တော်ပြန်တွေကို စောင့်ကြည့်ကြပ်မတ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုတွေကိုလည်း မတူပီမြို့၊ အထက(၁)ကျောင်းရှိ (၃)ထပ်ဆောင်မှာ ဆက်လက်ဆောင်ရွက်ထားပါတယ်”လို့ မတူပီမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မြင့်ကျော်က ပြည်တော်ပြန်များကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ကြိုတင်ကာကွယ်မှုများဆောင်ရွက်ပုံကို ပြောကြားသည်။
“မတူပီမြို့၊ အထက(၁)မှာ ပြည်တော်ပြန်တွေနဲ့ စောင့်ကြည့်လူနာတွေအတွက် အခန်းတစ်ခန်းမှာ (၅)ယောက်နှုန်းနဲ့ စုစုပေါင်းအယောက်(၂၀)အတွက်ကြိုတင်ပြင်ဆင်ထားပါတယ်၊ စောင့်ကြည့်လူနာတွေ ရှိလာခဲ့ရင် ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ပြီးတော့ စနစ်တစ်ကျနဲ့ အလှည့်ကျတာဝန်ချထားမယ်၊ လိုက်နာရမယ့် စည်းကမ်းတွေ ပိုးသတ်ဆေးတွေလည်း ပက်ဖျန်းထားပါတယ်၊ စောင့်ကြည့်လူနာထားတဲ့ နေရာဖြစ်တဲ့အတွက် မိသားစုဝင်တွေ၊ အပြင်လူတွေ ဝင်/ထွက်သွားလာခွင့်ကိုလည်း တားမြစ်ထားပါတယ်”လို့ မတူပီမြို့နယ်တာဝန်ခံဒေါက်တာသစ်လွင်သိမ်းက စောင့်ကြည့်လူနာများ ရှိလာပါက ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိပုံကို ပြောကြားသည်။
မတူပီမြို့၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနနှင့် ရပ်ကွက်ချုပ်ရေးမှူးတို့ ဝိုင်းဝန်းပူးပေါင်း၍ ပြည်မဘက်မှ မတူပီမြို့သို့ ရောက်ရှိလာသည့် ခရီသည်များကို ကျန်းမာရေးစစ်ဆေးခြင်း၊ ပြည်တော်ပြန်များကို စနစ်တစ်ကျစောင့်ကြည့်ခြင်း၊ အသံချဲ့စက်များဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် အလိုအပ်သည့်ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက်လျက်ရှိသည်။ မတူပီမြို့သို့ ရောက်ရှိလာသည့် ပြည်တော်ပြန်များကို မိမိနေအိမ်မှ အပြင်မထွက်ကြရန် ညွှန်ကြားထားပြီး ပြည်တော်ပြန်များ အနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်များကို လိုက်နာဖို့လိုအပ်သည်။ မတူပီမြို့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လာခြင်း မရှိစေရေးအတွက် ပြည်သူလူထုများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာများ၏ ပူးပေါင်းလုပ်ဆောင်မှုများကို ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ပေးရန်လိုအပ်ပြီး လက်ရှိတွင် ချင်းပြည်နယ်၊ မတူပီမြို့၌ သံသရှိလူနာမရှိသေးကြောင်း မတူပီမြို့၊ ကျန်းမာရေးဌာနမှ သိရှိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


