မတူပီ ၁ ဧပြီ
ချင်းပြည်နယ်၊ မတူပီမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် သဘာဝဘေးဒဏ်ကျရောက်လာပါက ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေရေးအတွက် ချင်းပြည်နယ်အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ဆန်အိတ်(၅၀ဝ)နှင့် မတူပီ မြို့၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ ကြိုတင်စုဆောင်ထားသည့် ဆန်အိတ်(၁၅၀) စုစုပေါင်း(၆၅၀)တို့ကို ကြိုတင်သိုလှောင်စုဆောင်းထားကြောင်း မတူပီမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
ဆန်အိတ်များအပြင် အခြားစားနပ်ရိက္ခာဖြစ်သည့် ဆီပိဿာ(၃၂၀)၊ ဆား ပိဿာ ၃၂၀ နှင့် ပဲပိဿာ (၃၂၀) တို့ကိုလည်း ဆန်အိတ်များနှင့်အတူ မတူပီမြို့၊ ဘုံတလာခန်းမထဲ၌ ကြိုတင်သိုလှောင်ထားရှိပြီး အလှူရှင်များထံမှ လှူဒါန်းလာသည့် ဆန်အိတ်များကို မတူပီမြို့၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ ဆက်လက်စုဆောင်း သိုလှောင်ထားမည်ဖြစ်သည်။
မတူပီမြို့သည် လမ်းပန်းဆက်သွယ်ရေးခက်ပြီး သဘာဝဘေးဒဏ်များနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် အရေးပေါ်အခြေအနေအရ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းများကြုံတွေ့လာပါက မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၏ ဆုံးဖြတ်ချက်နှင့်အညီ မတူပီမြို့တွင်းနှင့် မတူပီမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးသို့ အချိန်နှင့် တစ်ပြေးညီ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မတူပီမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၏ ပြောကြားချက်အရသိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


