မုဒုံ ဒီဇင်ဘာ ၁၇
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ဆံတော်ရှင်ကန်ကြီးစေတီတော်ရှိ ကန်ကြီး မင်္ဂလာကန် ရေပေါ်ရှုခင်းတွင် တည်ထားကိုးကွယ်တော်မူသော “လာဘ်ပေးရန်နှိမ် မာ ရဇိန် နဂါးရုံဘုရား'' ဗုဒ္ဓရုပ်ပွားတော် ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့် ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို ဘုရားကန်တော့ဖွင့်လှစ်ပြီး ထူးမခြားနား ဘုန်းတော် ဘွဲ့ဖြင့် သီကျူး ပူဇော်သည်။ ထို့နောက် မုဒုံတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မုဒုံမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးတင့်ဇော် ၊ဘုရားဒါယကာ ဒါယိကာမ များ နှင့် ဂေါပကအဖွဲ့ဝင် များသည် လာဘ်ပေးရန်နှိမ် မာရဇိန် နဂါးရုံဘုရားကြီးအား ဆွမ်း ၊ပန်း ၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး၊ ကန်ကြီးစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးထံမှ သီလခံယူ ဆောက်တည်ကာ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူသည်။
ဆက်လက်၍ အလှူရှင်များက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။ ဉာဏ်တော်အမြင့် (၂၇)ပေရှိ “လာဘ်ပေးရန်နှိမ် မာ ရဇိန် နဂါးရုံဘုရား '' ဗုဒ္ဓရုပ်ပွားတော်ကို မုဒုံမြို့ဇာတိ ရန်ကုန်မြို့နေ ဦးဇော်မြင့်၊ဒေါ် အေးရှင် မိသားစုမှ လှူဒါန်းခြင်းဖြစ်ရာ၊ စုစုပေါင်းခန့်မှန်းကုန်ကျငွေ ကျပ်သိန်း (၅၇၀)ရှိကြောင်း သိရသည် ။
အောင်မျိုးသူ(ပြန်/ဆက်)