မုဒုံ အောက်တိုဘာ ၁၈

 

မွန်ပြည်နယ် မုဒုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မ (၄)ရပ်ကွက်ရှိအနော်ရထာလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါလမ်းကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၅၉ ဒသမ ၉ သန်းဖြင့် လမ်းအရှည် ၂၁၅၆ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  သတ်မှတ်ချိန်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်း အရည်သွေးပြည့်မီစေရေးအတွက် ကြီးကြပ်ကာ တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ကွန်ကရစ်လမ်း ပြီးစီးပြီးဖြစ်သည့်အတွက် ဒေသခံပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေသည့်အပြင် လူမှုဘဝများမြင့်မားလာကာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာ ဦးမျိုးလွင်ထံမှ သိရသည်။

 

မုဒုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပြည်သူများသွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပစေရေးနှင့် ဒေသနေပြည်သူများ ရာသီမရွေး လွယ်ကူစွာ သွားလာနိုင်ရေးတို့အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သားငယ် (ပြန်/ဆက်)