မုဒုံ မတ် ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း ( RBF ) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို မတ် ၁၃ ရက်က အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) နှင့်ပတ်သက်၍ အသက်မွေးဝမ်းကျောင်းအဖွဲ့များက မိမိတို့ဆောင်ရွက်မည့်လုပ်ငန်းများ တိုးတက်အောင်မြင်စေရန်၊ စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦးက အသေးစားစီးပွားရေး လုပ်ကိုင်သူများအတွက် အရင်းအနှီးများ ရရှိစေရန်၊ ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာများရရှိစေရန်၊ ဒေသထွက်ကုန် အပေါ် အခြေခံသည့် စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့် လုပ်ကိုင်ရာတွင် အထောက်အကူ ပြုစေရန်စသည့် ရည်ရွယ်ချက်များ၊ အကျိုး ကျေးဇူးများနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် RBF စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဆက်သွယ်ကျေးရွာမှ မုဒုံမြေ အဆင့်မြင့်ရာဘာပြား ထုတ်လုပ်သူ သမဝါယမအသင်း (အသက်မွေးဝမ်းကျောင်း) တစ်ဖွဲ့အား ရန်ပုံငွေကျပ် သိန်း ၃၀၀ တိတိကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်