မုဒုံ နိုဝင်ဘာ ၂၄
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်မည့် ကျေးရွာ(၄)ရွာမှ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေး အစီအစဉ်(AVIP)သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းကို နိုဝင်ဘာ ၂၂ ရက်က အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဗညားက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။
စီမံကိန်းကျေးရွာတာဝန်ခံ ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များ၊ ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေး အစီအစဉ် (AVIP) အကြောင်း သင်ခန်းစာများ၊ ကျေးရွာဆိုင်ရာ အချက်အလက်ကောက်ယူနည်းများ၊ ဇယား ၄၈ မျိုး ဖြည့်သွင်းနည်း များတို့ကို စာတွေ့၊ လက်တွေ့ ရှင်းလင်းဆွေးနွေး သင်ကြားပို့ချပေးသည်။
အဆိုပါ သင်တန်းကို နိုဝင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ (၅) ရက်ကြာ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ရာ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)အကောင် အထည်ဖော်ဆောင်ရွက်မည့် ကွမ်လှာ(ရွာသစ်)ကျေးရွာ၊ ဝက်တဲကျေးရွာ၊ ပိုင်ကမာကျေးရွာနှင့် ညောင်ဝိုင်းကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ တက်ရောက်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


