မုဒုံ ၂၇ မေ
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးပြီး ပြည်နယ်အစိုးရအဖွဲ့ ၏ အမိန့်ဖြင့် ပြန်လည် ဖွင့်လှစ်ခွင့်ရရှိသော လူမှုဖူလုံရေးတွင်အကျုံးဝင်သည့်အလုပ် ဌာနသုံးခုမှ မှတ်ပုံတင်ထားသည့် အလုပ်သမား ၁၅၈ ဦးကို လူမှုဖူလုံရေးထောက်ပံ့ ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်လူမှုဖူလုံရေးရုံးတွင် ထောက်ပံ့ကြေး ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ပတ်သက်၍ ပုဂ္ဂလိကပိုင် အလုပ်ဌာန သုံးခုဖြစ်သော Sri Trang Ayeyar Industry ၊ ကံကောင်ခြင်းရတနာထုတ်လုပ်မှု နှင့် Bao Heng Myanmar Furniture တို့မှ မှတ်ပုံတင်ထားသည့် အလုပ်သမား ၁၅၈ ဦး တို့ကို ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ ထည့်ဝင်ကြေး ပေးသွင်းထားသည့် အလုပ်သမားများ၏ ၄၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်အဖြစ် လူမှုဖူလုံရေးရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ၊မုဒုံမြို့နယ်ရှိ ကုမ္ပဏီ၊ စက်ရုံ အလုပ်ရုံဌာနများကို ထောက်ပံ့ကြေးပေးအပ်ရာတွင် လူစုလူဝေးများမဖြစ်ပေါ်စေရန် စီစဉ်ဆောင်ရွက် ထားကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးခွဲ တာဝန်ခံ ဒေါ်သက်သက်ခိုင် ကပြောသည်။
လူမှုဖူလုံရေးတွင် အကျုံးဝင်သည့်အလုပ်ဌာန သုံးခုမှ မှတ်ပုံတင်ထားသည့် အလုပ်သမား ၁၅၈ ဦးအား လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင် နှုန်းဖြစ်သော ငွေကျပ် ၅၁၅၂၄၅၈ ဒသမ ၃၃ ကို မြို့နယ်လူမှုဖူလုံရေးရုံးခွဲတာဝန်ခံ ဒေါ် သက်သက်ခိုင်က အလုပ်ဌာနရုံးများ၏ တာဝန်ရှိ သူများကိုပေးအပ်၍ ကျန်ရှိသော စက်ရုံ၊အလုပ်ဌာနများကို ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


