မုဒုံ      ဇူလိုင်     ၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မွန်ပြည်နယ် အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မုဒုံမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတွင် ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်မှူး ဒေါ်နွယ်နွယ်ဝါက သင်တန်းသူများအား သင်တန်းတွင် ပို့ချခဲ့သော ပညာရပ်များကို လက်တွေ့နယ်ပယ်၌ အကျိုးရှိစွာအသုံးချစေလိုကြောင်း၊ မိမိတို့တက်မြောက်သည့် ပညာရပ်များဖြင့် အိမ်တွင်းမှုလုပ်ငန်းလုပ်ကိုင်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုအောင် လုပ်ဆောင်စေလိုကြောင်း၊ အဆင့်မြင့် စက်ချုပ်နည်းပညာရပ်များကိုလည်း ဆက်လက်တက်ရောက် လေ့လာစေလိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက်သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။

အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို တစ်လကြာ သင်တန်းနည်းပြဆရာမ(၂)ဦးဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသူ(၂၀)ဦးတို့ကို အမျိုးသ မီးရင်စေ့အင်္ကျီ၊ ရင်ဖုံးအင်္ကျီ၊ နောက်ဇစ်အင်္ကျီ၊ သင်္ဘောသားအင်္ကျီ၊ ဘောင်းဘီ၊ ထီးဂါဝန်၊ လေးလွှာစကတ်၊ ချိတ်စကတ်ချုပ်နည်းပညာရပ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ  စာတွေ့၊ လက်တွေ့သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)