မုဒုံ ဖေဖော်ဝါရီ ၈
ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် လူအများရှေ့တွင် စကားပြောဆိုရာ၌ ရဲဝံ့စွာစကားပြောဆိုနိုင်သည့် အလေ့ကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီများနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက မုဒုံမြို့နယ် အ.ထ.က(၂)ကျောင်း ပညာရတနာခန်းမ၌ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်သည်။
ဦးစွာ အ.ထ.က(၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများ၊ လူငယ်/လူရွယ်များလိုအပ်ကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံ့တာဝန်များကို ဆက်လက်ထမ်းဆောင်ကြမည့် ကျောင်းသား/ကျောင်းသူများ အချင်းချင်း ရင်းနှီးခင်မင်ပြီး ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
စကားဝိုင်းတွင် ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းနှင့် မြို့နယ်အားကာမှူး ဒေါ်နွယ်နီစံတို့က ဆောင်ရွက်ကာ အ.ထ.က(၂)ကျောင်း Grade-9 မှ မောင်ခန့်မင်းကြယ်စင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade-11 မှ မသော်တာလမင်းဦးက လူငယ်နှင့်အားကစား၊ Grade-9 မှ မမွှေးမြတ်ပြည့်စုံက လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုးနှင့် Grade-11 မှ မောင်ဝင်းမိုးအောင်က လူငယ်နှင့်စာဖတ်ခြင်း အကျိူးကျေးဇူး စသည့် ခေါင်းစဉ်အလိုက် အကြောင်းအရာများအား ဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၁၃၀ ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများအား ပြန်လည်မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မုဒုံသူ