မုဒုံ ၂၉ အောက်တိုဘာ
မွန်ပြည်နယ် မုဒုံမြို့နယ် ဆံတော်ရှင်ကန်ကြီး စေတီတော်ဘုရား၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို အစဉ်အလာမပြတ် နှစ်စဉ် ကျင်းပမြဲဖြစ်ပြီး ယခုနှစ်တွင် ဆံတော်ရှင်ကန်ကြီး စေတီတော်ဘုရာကြီး ဗုဒ္ဓပူဇနိယဘုရားပွဲတော်နှင့် (၁၄၆)ကြိမ်မြောက် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို ကျင်းပမည် မဟုတ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ဆံတော်ရှင်ကန်ကြီးစေတီတော်ဘုရာကြီး ဗုဒ္ဓပူဇနိယဘုရားပွဲတော်နှင့် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို နှစ်စဉ် သီတင်းကျွတ်လဆန်း (၁၄) ရက်မှ သီတင်းကျွတ်လပြည့်ထိ (၂)ရက်ကြာ ကျင်းပတာပါ၊ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ပွဲတော်မ ပြုလုပ်ရန် ညွှန်ကြားထားသလို သြဝါဒ ဆရာတော်ကြီးများကလည်း ရောဂါပြန့်ပွားမှု မရှိစေရန် မိန့်ကြားတဲ့အတွက် ဆံတော်ရှင်ကန်ကြီး စေတီတော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်နဲ့ မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို မကျင်ပဖြစ်တာပါဟု ဂေါပကအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ဆံတော်ရှင်ကန်ကြီးစေတီတော်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်တွင် နှစ်စဉ်ပွဲတော် ကာလ သီတင်ကျွတ် လပြည့်နေ့တွင် ဗုဒ္ဓဝေယျာဝစ္စ အသင်းအဖွဲ့များတို့က ဆီမီး (၉၀၀၀) ကပ်လှူခြင်း၊ အဘိဓမ္မာအခါတော်နေ့ အခမ်းအနား၊ မဟာသံဃိကဆွမ်းခြောက် လောင်းလှူပွဲများနှင့် ဇာတ်ပွဲများ ပျော်ပွဲရွှင်ပွဲများကို နှစ်စဉ်ကျင်းပရာ ရပ်ဝေး၊ ရပ်နီးမှ ဘုရားဖူးဧည့်သည်များ လာရောက်ကြ၍ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ရာ ယခုနှစ်တွင် ကျင်းပပြုလုပ်သွားမည် မဟုတ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


