မုဒုံ ၂၇ ဧပြီ
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ဘူတာအနီး၌ ယနေ့ နံနက် ၁၁ နာရီခန့်က ကုန်ရထားလမ်းချော်ကာ ကုန်တင်တွဲ သုံးတွဲ လမ်းဘေးတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မော်လမြိုင်ဘူတာမှ ရေးမြို့ဘူတာဘက်သို့ စက်ခေါင်းမောင်း ဦးဌေးမောင် (၈၄)နှစ်၊ ဦးဟူစိန် မောင်းနှင်သော အမှတ်(၂၈၁) ကုန်တင်ရထား (စက်ခေါင်းအမှတ် DD-914) သည် မုဒုံမြို့နယ် ရေး-မော်လမြိုင် ရထားလမ်း မိုင်တိုင်အမှတ် (၂၀၁/၂၃)နှင့် (၂၀၁/၂၄)အကြား အရောက်တွင် မိုးရွာထားမှုကြောင့် လမ်းချော်ကာ ကုန်တင်တွဲ သုံးတွဲ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရထားတိမ်းမှောက်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ရထားတွဲပေါ်ပါ ဆန်အိတ်များလည်း ပျက်စီးဆုံးရှုံးမှုမရှိကြောင်း၊ ရထားတိမ်းမှောက်ရာသို့ ကမာဝက်နယ်မြေ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ် (၂၀၉) ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


