မုဒုံ   အောက်တိုဘာ    ၂၉


 
မွန်ပြည်နယ်  မုဒုံမြို့နယ်  နိုင်လှုံကျေးရွာတွင် မွန်ရိုးရာလက်မှုပညာ မိရိုးဖလာလုပ်ငန်းတစ်ခုဖြစ်သည့် ရော်ဘာအစေးခံ မြေစဉ့်ခွက်များကို  စဉ်ဆက်မပြတ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 

ရော်ဘာအစေးခံစဉ့်ခွက်ကို မြေထည်ဖြင့် အဓိကလုပ်ကိုင်ပြီး ကုန်ကြမ်းရွှံ့မြေကြီးကို ကျေးရွာများတွင်ရှိသည့် ကန်အဟောင်းမှရရှိကြောင်း၊ ရွှံ့မြေကြီးများအား အခြောက်လှန်းကာ စက်ဖြင့်ကြိတ်ရပြီး ထွက်ရှိလာသည့်  ရွှံ့မြေကြီးအမှုန့်များကို ရေထည့်ထားသည့် ကန်အတွင်း၌ စိမ်ထားရကြောင်း၊ ယင်းစိမ်ထားသည့် ရွှံ့မြေကြီးများကိုနင်း၍ ပြုလုပ်သူများက လက်ဖြင့်သာပုံဖော်ပြီး  ထွက်ရှိလာသော  မြေခွက်များကို  နေလှန်း ထားရကြောင်း၊ နေလှန်ပြီး မြေခွက်များ အကြမ်းခံမာကြောစေရန်အတွက် ၇ နာရီကြာ မီးဖုတ်ဖိုဖြင့်  မီးဖုတ်ပေးရကြောင်း ၊  မြေခွက်ပုံဖော်ပြီး  ရောင်းတန်ဝင်  စဉ့်ခွက်များဖြစ်သည်အထိ နှစ်ရက်ကြာ ပြုလုပ်ရကြောင်း သိရသည်။

 

ယခုအချိန်တွင်  လူငယ်လူရွယ်များ လုပ်ကိုင်မှုနည်းပါးလာအိုးခွက်ပြုလုပ်သည့်ရုံများ  လျော့နည်းလာ ကြောင်း၊ လုပ်လုပ်သားတစ်ဦးလျှင် အိုးထိန်းစက်ဖြင့် တစ်ရက်လျှင် မြေစဉ့်ခွက်ပုံကြမ်း အလုံး ၃၀၀ ကျော် ရရှိကြောင်း နိုင်လှုံကျေးရွာအရှေ့ပိုင်းနေ (၄၅)နှစ်ကြာ မြေအိုးစဉ့်ခွက်ပန်းအိုးပြုလုပ်သူ ဦးငွေဝင်းထံမှ သိရသည်။

 

ရော်ဘာအစေးခံ မြေစဉ့်ခွက်များသည် အခြားပလက်စတစ် ကော်ခွက်များထက် စျေးကြီးသော်လည်း   ရေရှည်ခိုင်မာပြီး   ကော်စေးများမကပ်ခြင်း၊ ရော်လာစေးများအား လွယ်ကူစွာ ခွာယူရရှိခြင်းကြောင့် မြေစဉ့်ခွက်များကို နောက်ပိုင်းတွင်     ပြန်လည်အသုံးပြုလာကြကြောင်း  ရော်ဘာစိုက်ပျိုးရေး ခြံလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

 

အဆိုပါ မြေစဉ့်ခွက်များသည် ယခင်နှစ်က တစ်လုံးလျှင် ၁၂၀ ကျပ်သာရရှိပြီး ယခုနှစ်တွင် ၂၅၀ ကျပ် ရရှိလာကာ ရော်ဘာအစေး စထွက်ချိန်ရာသီတွင် အရောင်းအဝယ်သွက်လာ၍  ပြုလုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)