မုဒုံ ဇူလိုင် ၂၄
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါလူနာများ ကုသရေးတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင် အရည်များကို ဇူလိုင် ၂၃ ရက် နံနက် ၄ နာရီက မုဒုံမြို့နယ် မြန်မာ့လူငယ် အရေးပေါ်ကယ်ဆယ်ရေးအသင်းမှ မြဝတီ-မဲဆောက်သို့ သွားရောက် သယ်ဆောင်ပေးကြောင်း သိရသည်။
မုဒုံမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးတွင် အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရန် ပြည်သူများမှ လှူဒါန်းထားသော Oxygen Concentrator စက် ၁၅ လုံး၊ အောက်ဆီဂျင်အိုးများကို ပြည်နယ်ကျန်းမားရေးဌာနမှ ကိုးလုံး၊ လှုမှုရေးအသင်းအဖွဲ့ ခြောက်ဖွဲ့မှ ၂၀၊ မြို့နယ်တပ်ရင်းမှ သုံးလုံး စုစုပေါင်း ၃၂ လုံးရှိပြီး မြို့နယ်အတွင်းမှ စေတနာရှင်ပြည်သူများက စုပေါင်း၍ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့ရာ မုဒုံမြို့နယ် ပြည်သူ့ဆေးရုံအတွက် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး ၄၀ အား အောက်ဆီဂျင်အရည်ကို တစ်နေ့လျှင် ၁၀လုံး လေးရက်သာ စုစုပေါင်းအလုံး ၄၀ ကို မြဝတီ-မဲဆောက်မှ သွားရောက်ဖြည့်လျက်ရှိကြောင်း၊ မြို့နယ်အတွင်း၌ လိုအပ်လျက်ရှိသော အောက်ဆီဂျင် အရည်များကို မော်လမြိုင်မြို့ သံလွင်အောက်ဆီဂျင်စက်ရုံမှ လည်ကောင်း၊ ရေးမြို့နယ် အောက်ဆီဂျင်စက်ရုံမှလည်ကောင်း မြို့နယ်အတွင်းရှိ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များတို့က သွားရောက်ဖြည့်သွင်း သယ်ဆောင်လျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)
