မုဒုံ ဒီဇင်ဘာ ၃
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ရွှေဟင်္သာစျေး၌ မီးဘေးကြိုတင်ကာကွယ် ရေးနှင့် မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စျေးသူ/စျေးသားများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက အဆိုပါစျေး၌ သရုပ်ပြလေ့ကျင့်ဇာတ်တိုက် ဆောင်ရွက်ခဲ့သည်။
အဆိုပါ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ပွဲသို့ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာလင်းနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး စျေးအတွင်း၌ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် လျှင်မြန်ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးက ပြောကြားသည်။
ရှေးဦးစွာ စျေးအတွင်းမှ မီးဘေးအန္တရာယ် အရေးပေါ်အချက်ပေးပြီး Fire Point နေရာရှိ မီးလောင်မှုအား မီးသတ်ဆေးဘူးများဖြင့် ကနဦးမီးငြှိမ်းသတ်ခြင်း၊ မီး သတ်ပိုက်များဖြင့် မီးငြှိမ်းသတ်ခြင်း ကယ်ဆယ်ရေးအဖွဲ့မှကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ခြင်းများတို့ကို ဟန်ချက်ညီညီ စျေးသူ/ စျေးသားများနှင့် မီးသတ် တပ်ဖွဲ့ဝင် (၁၃)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀) တို့က ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)