မုဒုံ ဖေဖော်ဝါရီ ၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် (၇၅) ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ အထိမ်းအမှတ် မွန်စာပေပြိုင်ပွဲကို ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက တောင်ပကျေးရွာရှိ မွန်ဘုန်းကြီးကျောင်းတိုက် ကျောင်းသစ်၌ ကျင်းပသည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များက ဩဝါဒကထာမြွက်ကြားပြီး ပြိုင်ပွဲကို စတင်ကျင်းပရာ မုဒုံမြို့နယ် ကလော့သော့တိုက်နယ်ကျေးရွာ လေးရွာမှ မွန်ကျောင်းသား ကျောင်းသူ ၁၉၉ ဦးတို့က ဝင်ရောက်ဖြေဆိုကြသည်။ ဆုရရှိသူများကို (၇၅) ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ အခမ်းအနားတွင် ဆုချီးမြှင့်မည် ဖြစ်ကြောင်း၊ မွန်လူငယ်များ မွန်စာပေ ထိန်းသိမ်းစောင့်ရှောက် တတ်စေရန်၊ မွန်သမိုင်း သိရှိလာစေရန် ရည်ရွယ်ချက်ဖြင့် မွန်စာပေပြိုင်ပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ပထမတန်း ၊ ဒုတိယတန်း ၊ တတိယတန်း၊ စတုတ္ထတန်း စာပေပြိုင်ပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဉာဏ်စမ်း အမေးအဖြေ ပြိုင်ပွဲများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်စာပေ ပြိုင်ပွဲကျင်းပရေး ကော်မတီမှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


