မုဒုံ ဒီဇင်ဘာ ၁၉

 

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ဝက်တဲကျေးရွာ ရွာအဝင်လမ်းတွင် ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့်  နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ အဆိုပါ ကျေးရွာရှိ အိမ်ရှင်ဒေါ်ပိန်နေအိမ်၏ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ပျဉ်ကာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် (၁၅   ၃၅)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး၊ အနီးရှိ (၁၅ x ၄၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး စုစုပေါင်း နေအိမ် နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

မီးလောင်မှုဖြစ် ပွားရာ​နေရာသို့ မုဒုံမြို့နယ်မီးသတ်ဦးစီးမှူး စောစိုးစိုးမြင့် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး၊ အရန်တပ်ဖွဲ့ဝင် ခုနစ်ဦး၊ ကျေးရွာသူ/ ကျေးရွာသားများနှင့် ပရဟိတအသင်းများ ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် သုံးစီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် မီးလုံးဝငြိမ်းသွားခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိသူနှင့် သေဆုံးသူမရှိကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)