မုဒုံ စက်တင်ဘာ ၁၁
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ဝင်းစိန်တောရကျောင်းဝင်းရှိ အောက်ဆီဂျင်စက်ရုံမှာ စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက စတင်စမ်းသပ်မောင်းနှင်ကာ အောက်ဆီဂျင်များ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံမှာ အလျား ပေ ၄၀၊ အနံ ပေ ၃၀ ရှိ RC တစ်ထပ် အဆောက်အအုံ ဖြစ်ပြီး စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၂၅၀၀ ခန့်ဖြင့် ရဟန်းရှင်လူပြည်သူများက လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့ အိုး ၂၀၀ ခန့် ထုတ်လုပ်ပေးနိုင်မည်ဟု သိရှိရသည်။

မုဒုံမြို့နယ်တွင် ယခင်က အောက်ဆီဂျင်ကို မြဝတီနယ်စပ်၊ ရန်ကုန်၊ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ် အခြားသော မြို့နယ်များမှတစ်ဆင့် သယ်ယူခဲ့ရပြီး ယခုအခါ မုဒုံမြို့နယ်အတွက် လုံလောက်စွာ ရရှိနိုင်သည့်အပြင် အခြားမြို့နယ်များကိုပါ အချိန်မီ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)