မုဒုံ ၂၄ ဖေဖော်ဝါရီ
၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မုဒုံမြို့နယ် ကြက်ခြေနီ အသင်း(ခွဲ)နှင့် ဆရာဝန်များ အသင်းတို့မှ ပူးပေါင်း၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ယနေ့နံနက် ၉ နာရီက မုဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထု အခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ပြုလုပ်သည်။
အဆိုပါ သင်တန်းကိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ လူငယ်များ ကြက်ခြေနီအကြောင်းနှင့် ရှေးဦးပြုစုခြင်း သဘောတရာများကို သိရှိတတ်မြောက်လိုသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ကာ မြို့နယ်ကြက်ခြေနီအသင်း (တပ်ဖွဲ့မှူး) ဒေါက်တာကျော်စိုးမိုးက ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် လုပ်ငန်းများအကြောင်း၊ ဒုဥက္ကဋ္ဌ ဒေါက်တာပြည့်ဖြိုးပိုင်က သွေးယိုစီးခြင်းအကြောင်း၊ ဒေါ်ခင်စန်းနု (နည်းပြ)က ရှေးဦးပြုစုခြင်း အခြေခံသဘောတရားများအကြောင်း၊ (ဒုတပ်ဖွဲ့မှူး) ဦးအောင်ဆန်းထွန်းက အခြေခံ အသက်ကယ် အထောက်အကူပြုနည်းအကြောင်းနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းများမှ ဒဏ်ရာအမျိုးမျိုး ပြုစုခြင်းအကြောင်းတို့ကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှစ၍ (၂၇) ရက်နေ့အထိ (၄) ရက်ကြာ သင်ကြားပေးပြီး တက်ရောက်သူ သင်တန်းသား သင်တန်းသူ (၃၀)ဦး တက်ရောက်ကြောင်း သိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


