မုဒုံမြို့နယ်ရှိ ကျေးရွာအချို့တွင် ပိန်းဥများ လှိုင်လှိုင်ထွက်ရှိပြီး ယခင်နှစ်ထက် စျေးကောင်းပိုရနေ 

မုဒုံ အောက်တိုဘာ ၁၃

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပိန်းဥစိုက်ပျိုး ရိတ်သိမ်းချိန်ရာသီ၌ ပိန်းဥများ ယခင်နှစ်ထက် စျေးကောင်းပိုရ၍ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပိန်းဥများမှာ ပိန်းကြက်ဥ၊ ပိန်းစိမ်း၊ ပိန်းဝါ စသည့် အမျိုးအစားများရှိကြပြီး နုန်းမြေနှင့် ရေစီးဆင်းမှုကောင်းမွန်သည့် မြေအမျိုးအစား မြေပွသော မြေသြဇာဓာတ်နည်းပါးသည့် မြေဆီလွှာကို ကြိုက်နှစ်သက်ကြောင်း၊ ပိန်းပင်များသည် ဆက်တိုက်စိုက်ပျိုးစနစ်အား မလိုလားကြ၍  အရွက်စား ဟင်းသီးဟင်းရွက်ပင်များနှင့် ပြောင်းလဲစိုက်ပျိုးရန် လိုအပ်ကြောင်း၊ အတန်းတစ်တစ်တန်းတည်း စိုက်ပျိုးပါက သုံးပေအကျယ် အတန်းနှစ်တန်းလျှင် ငါးပေအကျယ်ပေါင်ဖြင့် စိုက်ပျိုးရန်လိုအပ်ကြောင်း၊ သားတက်မှ စိုက်ပျိုးပါက ပျိုးခင်းထဲတွင် အညှောင့်ပေါက်စေရန် အရင်ပျိုးထောင်ပြီးမှ စိုက်ခင်းထဲသို့ချရမည်ဖြစ်ကာ မြေသားနက်၍ လေဝင်လေထွက်ကောင်းပြီး ရေမဝပ်စေရန်လိုအပ်ကြောင်း၊ ပိန်းဥကို ဥမြွှာမှလည်ကောင်း၊ ပိန်းဥ၏အရင်းနှင့် ထိပ်ဖျားမှ လည်းကောင်း စိုက်ပျိုးနိုင်ပြီး ငါးလအကြာတွင် ရိတ်သိမ်းနိုင်ကာ စျေးကွက်တွင် တစ်ပိသာ လျှင် ၃၀၀၀ ကျပ်ရရှိကြောင်း၊ ယခင်နှစ်များက ငွေကျပ် ၁၅၀၀ မှ ၂၀၀၀ ကျပ်အထိသာရရှိကြောင်း မုဒုံမြို့နယ်ရှိ ပိန်းပင်စိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။ 

မုဒုံမြို့နယ်တွင် ရာဘာစိုက်ပျိုးရေးနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်စိုက်ပျိုးကြပြီး မိသားစုစာသုံးနိုင်ရန်နှင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် ဟင်းသီးဟင်းရွက်များကိုလည်း ကျေးရွာအများစုတွင် စိုက်ပျိုးကြကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)