မုဒုံ စက်တင်ဘာ ၄

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ဝင်းစိန်တောရ ကျောင်းဝင်းအတွင်း၌  တည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံသို့ စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းက အောက်ဆီဂျင်ထုတ်လုပ်သည့်စက် ရောက်ရှိကြောင်း သိရသည်။

 

အဆိုပါ စက်မှာ တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့ အလုံး ၂၀၀ခန့် ထုတ်လုပ်နိုင်မည့် NZO-60 NM အမျိုးအစားဖြစ်ပြီး တန်ဖိုးအားဖြင့် ငွေကျပ် သိန်း ၁၃၅၀ ရှိကာ မုဒုံမြို့နယ် ဝင်းစိန်တောရ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောဟုလာက မတည်၍ အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များ စုပေါင်းဝယ်ယူ လှူဒါန်းခြင်းဖြစ်သည်။

 

mdn

 

အောက်ဆီဂျင်စက် လည်ပတ်နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိရန် ထရန်စဖော်မာ 200 KVA  TR တပ်ဆင်မှုနှင့် စက် စတင်လည်ပတ်နိုင်ရေးကို အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်စက်ရုံကို ငွေကျပ်သိန်းပေါင်း  ၂၅၀၀ ခန့်ဖြင့် တည်ဆောက် တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ စက်တပ်ဆင်ပြီးစီးပါက မြို့နယ်အတွက် အောက်ဆီဂျင် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းနှင့် ပိုလျှံပါက အခြားမြို့နယ်များကိုပါ စနစ်တကျ ထုတ်လုပ်ဖြန့်ဖြူးပေးသွားမည်ဖြစ်​ကြောင်း သိရှိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)