မုဒုံ ဖေဖော်ဝါရီ ၅
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ် ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် သိရှိလိုက်နာရမည့် အချက်များနှင့် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန် အားလပ်ချိန်များတွင် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုရန် အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ပုံပြင်ပြော၊ ကဗျာရွတ်ဆို၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်ပိုစတာများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)