မုဒုံ ၁၉ မေ
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါ ကင်းဝေစေရန်ရည်ရွယ်၍ လစဉ်ဆောင်ရွက်ပေးလျက်ရှိသော ပုံမှန်ကာကွယ်ဆေးထိုးခြင်းများကို မေ ၁၈ ရက် နံနက် (၉)နာရီမှစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပြန်လည်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူစုလူဝေးမဖြစ်အောင် စီစဉ် ဆောင်ရွက်ထားလျက်ရှိပြီး အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ဆေးဘေစင် တွင် လက်ကိုသေချာ ဆေးကြောစေခြင်းများနှင့် မိဘအုပ်ထိန်းသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပေး နှိုးဆော်ထားကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
အသက်(၂)နှစ်အောက် ကလေးငယ်များကို ပြင်းထန်တီဘီရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါတို့ကို အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ ထိုးပေးခြင်း၊ တိုက်ပေးခြင်းစသည့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများတွင် ဇွန် (၁)ရက်နေ့မှစ၍ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


