မုဒုံမြို့နယ်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မုဒုံ ဖေဖော်ဝါရီ ၆

ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတရရှိစေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အ.လ.က သင်္ဘောဦးကျောင်း၌ ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေကြောင်း သိရသည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ် အ.လ.က သင်္ဘောဦးကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ကျောင်းသား/ကျောင်းသူများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးပြုကြရေး၊  ကျောင်းစာကိုကြိုးစားကြသလို ပြင်ပဗဟုသုတ တိုးပွားစေရေးအတွက် ပြင်ပစာပေများကို လေ့လာဖတ်ရှုကြရန်၊ ပြင်ပစာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များ ရရှိမည်ဖြစ်ကြောင်းနှင့် ယာဥ်အန္တရယ်၊ လမ်းအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် ကလေးအလုပ်သမား ပပျောက်ရေးသိကောင်းစရာ အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနှင့် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်းနှင့် မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေကြောင်း သိရသည်။

မုဒုံသူ(ပြန်/ဆက်)