နေပြည်တော် ၃ အောက်တိုဘာ
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ၁၉၆၄ ခုနှစ်မှ စတင်ကာ ပြည်သူ့ရဲတပ်ဖွဲ့၊ ထိုမှတစ်ဖန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စသည်ဖြင့် အဆင့်ဆင့် ပြန်လည်ဖွဲ့စည်း ပြုပြင်ဆောင်ရွက်ခဲ့သည်မှာ (၅၄) နှစ်ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို နေ့စဉ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အောက်တိုဘာလ ၁ ရက်နေ့က ကျင်းပသော (၅၄) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက မူးယစ်ဆေးဝါးပြဿနာနှင့် တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ယနေ့ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများအပါအဝင် အမျိုးမျိုးသော မှုခင်းတို့ကို ဖြစ်ပေါ်စေသည့် လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်နှင့် ကိုယ်ကျင့်သိက္ခာဆိုင်ရာ ဖောက်ဖျက်မှု အကြောင်းတရားများအပြင် မူးယစ်ဆေးဝါးပြဿနာသည် မှုခင်းကျဆင်းမှု၊ တိုးတက်မှုတွင် အဓိကကျသော အကြောင်းတရားဖြစ်လာသည်။
မူးယစ်ဆေးဝါးပြဿနာသည် မှုခင်းဖြစ်ပွားမှုကို တွန်းအားဖြစ်စေသည်သာမက လူ့ဘောင်လောက လူမှုဘဝအသိုင်းအဝိုင်းကိုပါ နှောင့်ယှက်ဖျက်ဆီး နင်းခြေပစ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ဖြစ်ပေါ်နေသော မှုခင်းများတွင် မူးယစ်ဆေးဝါးပြဿနာမှာ နီးကပ်စွာဆက်နွှယ်နေသောကြောင့် ကျင့်သုံးနေသော ဥပဒေ၊ တရားစီရင်ရေးစနစ်ကိုသာ မှီခိုအားထားရုံဖြင့် မလုံလောက်ဘဲ ကဏ္ဍစုံမှ ပူးပေါင်း ဆောင်ရွက်ရေးသည် အထူးအရေးကြီးကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် အသိပေးပြောကြားခဲ့သည်။
မှုခင်းများ လျော့နည်းကျဆင်းရေးကို ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အရေးအကြီးဆုံး အဖွဲ့အစည်းဖြစ်သည်ဟု ဆိုသော်လည်း မှုခင်းဖြစ်ပွားရခြင်းမှာ ကဏ္ဍပေါင်းစုံ၊ လူမှုဘဝအခြေအနေအမျိုးမျိုး နှင့် ဆက်စပ်နေသဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြဖို့လိုမည် ဖြစ်သည်။ ကိုယ်ကျင့်တရားကောင်းမွန်ရေးသည် အခြေခံလိုအပ်ချက်ဖြစ်ပြီး လူမှုဘဝပတ်ဝန်းကျင် ကောင်းမွန်ရေးအတွက် ထိန်းကျောင်းတည့်မတ်ရေး၊ လူမှုရေးနှင့် စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်ရေးတို့ကို ပြုပြင်ပြောင်းလဲ အလေးထားဆောင်ရွက်ရမည်ဖြစ်သည်။
ထို့အပြင် ကိုယ်ကျင့်တရား ပျက်ပြားစေနိုင်မည့် ဆက်စပ်နေသော လူမှုပတ်ဝန်းကျင်၊ စေ့ဆော်မှု၊ တိုက်တွန်းမှု၊ ဖိအားပေးမှုများနှင့် လူ့အဖွဲ့အစည်း၏ ပကတိဖြစ်တည်နေသည့် အခြေအနေမှန်ကိုပါ စေ့စေ့စပ်စပ် လေ့လာပြီး ပြဿနာဖြေရှင်းနိုင်ရေးကို ချဉ်းကပ်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအခါ မူးယစ်ဆေးဝါးပြဿနာမှာ နိုင်ငံတော်အစိုးရ အဆက်ဆက်က အမျိုးသားရေးအသွင်ဖြင့် နှိမ်နင်းတိုက်ဖျက်ခဲ့သော်လည်း မျက်မှောက်အခြေအနေတွင် ကျဆင်းခြင်းမရှိဘဲ ကြီးမားကျယ်ပြန့်လာသည်။ ယင်းအခြေအနေ၏ အရင်းခံအကြောင်းတရားကို သေချာစွာ ဆန်းစစ်လေ့လာ၍ အကိုင်းအခက်များသာမက အမြစ်ပါမကျန် တိုက်ဖျက်နှိမ်နင်းကြရမည် ဖြစ်သည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအစိုးရအသီးသီးတို့သည် မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာ၌ နိုင်ငံ၏ နောက်ခံသမိုင်းကြောင်း၊ ယဉ်ကျေးမှု အခြေအနေ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အရင်းအမြစ်ပိုင်ဆိုင်မှု၊ ပထဝီဝင်အနေအထားတို့အပေါ်မူတည်ပြီး ချဉ်းကပ်မှုပုံစံအမျိုးမျိုးဖြင့် ကြိုးပမ်းထိန်းသိမ်းနေကြသည်ကို တွေ့ရသည်။ မျက်မှောက်ကာလတွင် ခေတ်ပေါ်နည်းဖြင့် ပြုလုပ်ထားသော မူးယစ်ဆေးဝါးအန္တရာယ်မှာ လူငယ်ထုနှင့် ပြည်သူများအကြား စိမ့်ဝင်ပျံ့နှံ့နေသဖြင့် ယင်းကို မျက်ခြည်မပြတ် အလေးထားစောင့်ကြည့်ကာ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် တိုက်ဖျက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ မှုခင်းများကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေးအတွက် ဖွင့်လှစ်ပေးထားသော မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနသို့ ပြည်သူလူထုမှ နေ့စဉ်တိုင်ကြား သတင်းပေးလျက်ရှိသည့် လက်ခွဲသတင်းများမှတစ်ဆင့် လက်ကြီးပင်ရင်းဇာစ်မြစ်များကို ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင်မှသာ ရည်မှန်းချက်အတိုင်း ထိရောက်စွာ အောင်မြင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။
ကြေးမုံ