၂၁ နိုဝင်ဘာ

 

အတိတ်ဘဝက အလွန်ချစ်ခဲ့ပြီး အစွဲအလမ်းတစ်ခုကြောင့် ပစ္စုပ္ပန်ဘဝတွင် မိမိချစ်ရသူကို ပြန်လည်တွေ့ရှိခဲ့သော်လည်း ဘဝအခြေအနေအရ မည်သို့မျှမသက်ဆိုင်သူများဖြစ်နေခဲ့သောကြောင့် ပူဆွေးလွမ်းဆွတ်မှုများ ခံစားရသူအဖြစ် မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးထဲတွင် မိမိကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုအတွက် ပရိသတ်များ၏မျှော်မှန်းမှုကို ရရှိနေသည့် သရုပ်ဆောင် အေးဝတ်ရည်သောင်း၏ အနုပညာလှုပ်ရှားမှုများနှင့် ဆိုရှယ်မီဒီယာများအပေါ် သူ့အမြင်များနှင့်ပတ်သက်၍ ယခု လို ပြောကြားခဲ့သည်။

 

မေး - ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးလာတဲ့ အေးသောင်းအနေနဲ့ အရင်က အနုပညာလှုပ်ရှားမှုနဲ့ အခု အနုပညာလှုပ်ရှားမှု ဘယ်ဟာက ကိုယ့်အတွက်ပိုအခွင့်သာခဲ့လဲ။

 

ဖြေ - အနုပညာနဲ့ပတ်သက်ပြီး အရင်ကဆို မီဒီယာက အခုလောက်ထက်ပိုပြီး ချပြလို့မရဘူးလေ၊ အတားအဆီးလေးတွေရှိခဲ့တာကို၊ အဲဒီတုန်းကဆို မဂ္ဂဇင်း၊ဂျာနယ်တွေမှာ မျက်နှာဖုံးတွေ ရိုက်ရတယ်၊ ပြီးတော့ ပရိသတ်ဆီ ချက်ချင်းဆိုသလိုတော့ မရောက်ဘူး၊ ပေါက်စီဆို အရင်ကတည်းက သရုပ်ဆောင်လုပ်တာပဲ၊ ဒါပေမယ့် ပရိသတ်နဲ့ထိတွေ့ ခွင့်က အခုလောက်တော့ မရရှိခဲ့ဘူး၊ အခုက ကိုယ်တိုင် ဆိုရှယ် မီဒီယာတစ်ခုဖြစ်တဲ့ facebook ကနေ အနုပညာကို ပြနိုင်တယ်လေ၊ ပရိသတ်က ကိုယ့်ကိုတိုက်ရိုက်မြင်တယ်၊ ဝေဖန်အကြံပေးတယ်၊ ဒီနေ့လှတပတလေးတင်တာနဲ့ ချက်ချင်း လူစိတ်ဝင်စားမှုကရတာပဲ၊ ကိုယ်လုပ်ပြရင် လုပ်ပြနိုင်သလိုမျိုး နေရာချက်ချင်းရတာမျိုးလေ၊ အဲဒီတော့ ပေါက်စီကတော့ ကိုယ့်ကို ပရိသတ်ပြန်ပြီး အေးဝတ်ရည်သောင်းဆိုတာထက် မအေးသောင်းဆိုပြီးအားပေးကြတဲ့ ဆိုရှယ်မီဒီယာ ပရိသတ်တွေရော၊ အရင်ကတည်းက ချစ်လို့ အားပေးတဲ့သူတွေရော ကျေးဇူးပါ၊ အခွင့်သာတာ မသာတာထက် အရင်ကလည်း ဒီအလုပ်ကိုလုပ်ဖြစ်တယ်၊ အခုလည်း လုပ်နေဆဲ၊ကြိုးစားနေဆဲပါပဲ၊ အဲဒီတော့ အခွင့်အရေးပိုရတာနဲ့ မရတာထက် ကိုယ့်အလုပ်ကို ပရိသတ်ကို အကောင်းဆုံးပြနိုင်ဖို့က အဓိကကျတယ်ထင်ပါတယ်။

 

မေး - မုန်းစွဲနဲ့ အကယ်ဒမီ ဆွတ်ခူးနိုင်တယ်လို့ ပြောနေကြတဲ့အပေါ်။

 

ဖြေ - အဲဒီလိုလည်း မဟုတ်ပါဘူး၊ ဒါပေမယ့် ကျေနပ်တယ်ဆိုတာလောက်ပါပဲ၊ပြီးတော့ မုန်းစွဲ တစ်ကားတည်း မဟုတ်ပါဘူး၊ ကြိုးစားကြတာတော့ ပေါက်စီတို့ တခြားကားတွေလည်းရှိပါတယ်၊ အထူးသဖြင့် ဒီကားကြီးကို ရိုက်လိုက်တဲ့အခါ ငွေကြေးသုံးစွဲမှု၊ အချိန်ပေးထားမှု၊ ပြီးတော့ အားလုံးရဲ့ ကြိုးစားမှုတွေကြောင့်လည်း ပါပါတယ်၊ ပေါက်စီတစ်ယောက်တည်း မဟုတ်ပါဘူး၊ ကြိုးစားကြတာ အကုန်လုံးပါ၊ အဲဒီတော့ ဘယ်သူပဲရရ ပေါက်စီကတော့ ပျော်ပါတယ်။

 

မေး - မုန်းစွဲကားထဲမှာ ဘုန်းကြီးနဲ့ဇာတ်ဝင်ခန်းတွေက ကိုယ့်အတွက် အကျပ်ရိုက်စေတာမျိုးရှိလား။

 

ဖြေ - အကျပ်ရိုက်စေတာမျိုး မရှိခဲ့ပါဘူး၊ ဘာလို့လဲဆို ဆရာတော်ရေးထားတဲ့ စာအုပ်ထဲမှာလည်း အဲဒီလိုမျိုးပဲကို၊ ပြီးတော့ ဒါက ရုပ်ရှင်ဖြစ်တာမို့ စိတ်ထဲဘာမှတော့ စိုးရိမ်စိတ်မဖြစ်ပါဘူး၊ တစ်ခုပဲ ပေါက်စီတို့က မြန်မာလူမျိုးတေဆိုတော့ ဘာသာရေးအရကြည့်မယ်ဆို သွေဖည်သွားမှာ စိုးရိမ်ပါတယ်၊ ပြီးတော့ ကိုယ့်ရဲ့သရုပ်ဆောင်မှုကလည်း ကာရိုက်တာထဲကို ဝင်မသွားမှာ စိုးရိမ်တာမျိုးရှိခဲ့တယ်။

 

မေး - ထပ်ပြီး အေးသောင်းကိုတွေ့ရမယ့် အနုပညာလှုပ်ရှားမှုတွေကရော။

 

ဖြေ - အခုလောလောဆယ်တော့ ကြော်ငြာရိုက်တာနဲ့ မဂ္ဂဇင်းမျက်နှာဖုံးလောက်ပါပဲ၊ မုန်းစွဲကားကြီးကို ၂၄ ရက်နေ့ စင်ကာပူမှာသွားပြမယ်၊ ၂၅ ရက်နေ့ လက်မှတ်ထိုးမှာပါ၊ ပြီးတော့ မျက်နှာဖုံးများဆိုတဲ့ကားလေး ရိုက်ထားတာရှိပါတယ်၊ အဲဒီကားလေးကိုလည်း အားပေးစေချင်ပါတယ်၊ လုပ်ကွက်လည်းရတယ်ဆိုတော့ ပရိသတ်အကြိုက်ဖြစ်မှာပါ။

 

ကိုလင်း