ပွင့်ဖြူ ၇ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာအုပ်စု၊ သစ်တော်ကျေးရွာတွင် ဩဂုတ် ၅ ရက်နေ့က မုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်နှစ်လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရမှုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ် ၆ ရက် ညနေ ၅ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းတို့က မုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ရသည့် မင်းမြေကျေးရွာ အုပ်စု၊ သစ်တော်ကျေးရွာမှ အိမ်ထောင်စု နှစ်စုအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် တစ်သိန်း၊ ကယ်ဆယ်ရေးပစ္စည်း ကိုးမျိုးနှင့် မိသားစုဝင် ရှစ်ဦးအတွက် စားနပ်ရိက္ခာဆန်ဖိုးငွေကျပ် ၁၆၈၀ဝ၊ စုစုပေါင်း ထောက်ပံ့ ငွေကျပ် ၂၁၆၈၀ဝ အား ကမ်းပါးပြိုဘေးသင့်သည့် ဒေသခံပြည်သူများထံ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


