ပွင့်ဖြူ ၈ ဩဂုတ်
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ မုန်းချောင်းအနီးကျေးရွာများအား ကမ်းပါးပြိုကျမှုအန္တရာယ် လျော့နည်းသက်သာစေရန်အတွက် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ မုန်းချောင်းတစ်လျှောက် ကမ်းပြိုကာကွယ်ရေး ယူကလစ်ပင်နှင့် ဗာတီဗာမြက်မျိုးများ စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မော် ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း မုန်းချောင်းကျေးရွာများသည် နှစ်စဉ် မိုးတွင်းကာလများတွင် ကမ်းပြိုမှုအန္တရာယ်များ ကျရောက်လေ့ရှိကြောင်း သိရ၍ ယခုနှစ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ မုန်းချောင်းအနီးကျေးရွာများဖြစ်သည့် ယောစုကျေးရွာ ၊ ရွာသစ်ကျေးရွာ ၊ ပိန္နဲတောကျေးရွာ ၊ သရက်အုပ်ကျေးရွာနှင့် သံဘိုကျေးရွာတို့တွင် မုန်းချောင်းကမ်းပါး ပြိုကျမှုအန္တရာယ်ကင်းဝေးစေရန်အတွက် ကမ်းပြိုကာကွယ်ရေး ယူကလစ်ပင်နှင့် ဗာတီဗာမြက်မျိုးများကို ကျေးရွာနေ ပြည်သူများနှင့် ပူးပေါင်း၍ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ယခု ၂၀၁၈ - ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုး ရာသီမှာ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ၊ သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ လျော့နည်းကျဆင်းရေး ၊ အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဒေသရာသီဥတုနှင့် ကိုက်ညီသော အရိပ်ရပျိုးပင်များဖြစ်သည့် ယူကလစ် ၊ ကျွန်း ၊ ဝါး ၊ ခရေ ၊ ကံ့ကော် စသည့် အရိပ်ရ ပျိုးပင်ပေါင်း ၄၀ဝ၀ဝ ကို ရပ်ကွက်/ကျေးရွာများ ၊ ကျေးရွာချင်းဆက်လမ်းဘေး(ဝဲ၊ ယာ)များ ၊ စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာရုံးတွေမှာ စိုက်ပျိုးဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။ ဒါ့အပြင် မိုးတွင်းကာလတွင် ဖြစ်ပေါ်တတ်သည့် မုန်းချောင်းကမ်းပါးပြိုကျမှုအန္တရာယ်လျော့နည်းသက်သာစေရေးအတွက် မြို့နယ်အတွင်း မုန်းချောင်းအနီးကျေးရွာ တွေဖြစ်တဲ့ ယောစုကျေးရွာ ၊ ရွာသစ်ကျေးရွာ ၊ ပိန္နဲတောကျေးရွာ ၊ သရက်အုပ်ကျေးရွာနှင့် သံဘိုကျေးရွာတို့ရှိ မုန်းချောင်းကမ်းပါးတစ်လျှောက် ယူကလစ်ပင် စုစုပေါင်း ၄၂၅ ပင်နှင့် ဗာတီဗာမြက်မျိုး ၇၅ ပင် ၊ စုစုပေါင်း အပင် ၅၀ဝ ကမ်းပြိုကာကွယ်ရေးအတွက် စိုက်ပျိုးဆောင်ရွက်ပေးထားပါတယ်။ ဆက်လက်ပြီးတော့လည်း ယခု ဩဂုတ်လအတွင်း မှာ အဆိုပါ ကျေးရွာတွေအနီး မုန်းချောင်းကမ်းပါးတစ်လျှောက် ဗာတီဗာမြက်နဲ့ မအူပင် စုစုပေါင်း အပင် ၅၀ဝ ကို ကမ်းပြိုကာကွယ်ရေးအတွက် ထပ်မံစိုက်ပျိုးပေးသွားမှာဖြစ်ပါတယ်။ ယခုလို ကမ်းပြိုကာကွယ်ရေးအတွက် ယူကလစ် ပင်နှင့် ဗာတီဗာမြက်မျိုးများ စိုက်ပျိုးပေးခြင်းဖြင့် ကျေးရွာနေပြည်သူများ နှစ်စဉ်ကြုံတွေ့နေရသည့် ကမ်းပြိုမှုအန္တရာယ် ကို ထိရောက်စွာဟန့်တားသွားနိုင်မှာဖြစ်လို့ အမှန်တကယ် အကျိုးရှိစေမှာဖြစ်ပါတယ်” ပွင့်ဖြူမြို့နယ်သစ်တောဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မော် က ပြောပြ၍ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


