ပွင့်ဖြူ ၅ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအနီး မုန်းချောင်းတွင် နိုဝင်ဘာ ၃ ရက်နေ့က လှေတစ်စီး ရေနစ်မြုပ်မှုဖြစ်ပွားရာတွင် ရေစီးနှင့်အတူ နစ်မြုပ်မျောပါ ပျောက်ဆုံးသွားခဲ့သော အမျိုးသမီးအား ယမန်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာအနီး မုန်းချောင်းတွင် သေဆုံးလျက်တွေ့ရှိ၍ ပြန်လည်ဆယ်ယူခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ ရေစီးနှင့်အတူ နစ်မြုပ်မျောပါ ပျောက်ဆုံးသည့် အမျိုးသမီးမှာ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာနေ မမြနှင်းအေး(ခ)အပုလေး ဖြစ်ပြီး နိုဝင်ဘာ ၃ ရက်၊ နံနက် ၇ နာရီအချိန်ခန့်က မုန်းနောက်ဘက်ကမ်းရှိ စိုက်ခင်းသို့ အလုပ်လုပ်ရန် ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာနေ လှေထိုးသား ဦးစန်းလွင်ဦးနှင့်အတူ အဖော်အမျိုးသမီး(၄)ဦးနှင့် သွားရောက်စဉ် မုန်းချောင်းရေလယ်ကျော်တွင် ရုတ်တရက် လှေနစ်မြုပ်မှုဖြစ်ပွားပြီး ရေစီးနှင့် အတူ နစ်မြုပ်မျောပါခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာသို့ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် (၅)ဦး၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာရှိ ရေကျွမ်းကျင်သော ပြည်သူများနှင့် ပူးပေါင်း၍ စက်လှေ(၂)စီးနှင့်အတူ သွားရောက်ရှာဖွေကူညီကယ်ဆယ်ရာ လှေထိုးသား ဦးစန်းလွင်ဦးနှင့် လှေပေါ်ပါ အမျိုးသမီး (၄)ဦးအား အသက်ရှင်လျက် ရှာဖွေကူညီကယ်ဆယ် နိုင်ခဲ့ကြောင်း၊ ၎င်းအမျိုးသမီးမှာ ရေစီးနှင့်အတူ နစ်မြုပ်မျောပါ ပျောက်ဆုံးသွားခဲ့သဖြင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ဆက်လက် ကြိုးပမ်းရှာဖွေသော်လည်း မတွေ့ရှိပဲ နိုဝင်ဘာ ၄ ရက်၊ ညနေ ၅ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာအနီး မုန်းချောင်းအတွင်း သေဆုံးလျက် တွေ့ရှိခဲ့ပြီး ပွင့်ဖြူမြို့နယ် ပြည်သူ့ဆေးရုံသို့ စစ်ဆေးရန် ပို့ဆောင်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ ထံက သိရသည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ပွင့်ဖြူမြို့မရဲစခန်းမှ ဦးစန်းလွင်ဦး အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)