ပွင့်ဖြူ ၁၅ ဇူလိုင်     

 

မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပွင့်ဖြူမြို့နယ်အတွင်း မုန်းချောင်းနံဘေးကျေးရွာများဖြစ်သည့် ရွာထောင်ကျေးရွာ၊ မကျီးကုန်းကျေးရွာနှင့် မင်းမြေကျေးရွာတို့တွင် ဒေသခံပြည်သူများ နှစ်စဉ် ကမ်းပြိုမှုအန္တရာယ်များ ကြုံတွေ့နေရသည့်အတွက် ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာသုံးခု အကောင်အထည်ဖော်ဆောင်ရွက်ပေးနေကြောင်း သိရပြီး အဆိုပါ ကျေးရွာသုံးရွာ၌ ဆောင်ရွက် နေသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများမှာ မကြာမီ ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

 

AJ

 

“ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ ပွင့်ဖြူမြို့နယ်ထဲက မုန်းချောင်းနံဘေးကျေးရွာတွေဖြစ်တဲ့ ရွာထောင်ကျေးရွာ ၊ မကျီးကုန်း ကျေးရွာနှင့် မင်းမြေကျေးရွာတို့မှာ မုန်းချောင်းကမ်းပါးပြိုကာကွယ်ဖို့အတွက် ရေထိန်းရေကာတာသုံးခု တည်ဆောက် ပေးနေပါတယ်။ ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းကို ပွင့်ဖြူမြို့နယ် ရွာထောင် ကျေးရွာမှာ ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၅၀ ဖြင့် မုန်းချောင်းကမ်းပါးတစ်လျှောက် အခြေထိန်းကရစ်ကွက် ပေ ၁၂၅၀ တည်ဆောက်ပြီး ရေကာတာပေ ၁၅၀ သုံးချောင်း၊ ပေ ၁၀ဝ လေးချောင်း ပါဝင်တဲ့ သုံးတန်းသွား ရေကာတာ တည်ဆောက်ခြင်း၊ မကျီးကုန်းကျေးရွာမှာ ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၅၀ နဲ့ အလျား (၉၇၀×၆၅)ပေရှိ ကျောက်ကြီးဖြည့် အခြေထိန်းကရစ်ကွက်လုပ်ငန်းနဲ့ သုံးတန်းသွားမျောရေကာ ပေ ၁၀ဝ ခြောက်ခု တည်ဆောက်ခြင်းလုပ်ငန်းနှင့် မင်းမြေ ကျေးရွာတွင် အရေးပေါ်သဘာဝဘေးအန္တရာယ်ခွင့်ပြုရန်ပုံငွေကျပ် ၅၀ ဒသမ ၅၇ သန်းဖြင့် နှစ်တန်းသွားထန်းလုံးရေကာ ပေ ၁၄၀ နှစ်ချောင်း၊ ပေ(၁၅၀×၆၀) အခြေထိန်းကရစ်ကွက်နှစ်ခု ရေကာတာတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ရေထိန်းရေကာတသုံးခုအနက် ရွာထောင်ကျေးရွာနှင့် မကျီးကုန်းကျေးရွာရှိ ရေကာတာနှစ်ခုဟာ ယခုလ ၁ ရက်နေ့က ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပါတယ်။ မင်းမြေကျေးရွာရှိ ရေထိန်း ရေကာတာ ဆောင်ရွက်နေမှုကတော့ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး လာမည့်တစ်ပတ်အတွင်းမှာ အပြီး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မုန်းချောင်းကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်နေမှု လုပ်ငန်းသုံးခုဟာ  မကြာမီမှာ တည်ဆောက်ပြီးစီးတော့မှာဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးသူရိန်ထွန်း က ပြောပြသည်။   

 

ရဲဝင်းနိုင် (ညောင်ဦး)

 

AJ4