မုံးကိုး ၁ ဩဂုတ်
မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများအား ပြည်သူလူထုလက်ဝယ်အရောက် ပေးအပ်နိုင်ရန်အတွက် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ယနေ့ နံနက် ၁၀ နာရီက မုံးကိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
“ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် နိုင်ငံတော်ကထောက်ပံ့တဲ့ ထောက်ပံ့ငွေတွေကို ပြည်သူလူထု လက်ဝယ်အရောက် ပေးအပ်နိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံ လွှဲပြောင်းထုတ်ပေးခြင်း ဖြစ်ပါတယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်တဲ့အခါ စနစ်တကျကြီးကြပ်ပြီးတော့ ပေးအပ်သွားမှာဖြစ်ပါတယ်” ဟု မြို့အုပ်ချုပ်ရေးမှူးဦးမျိုးလွင်က ပြောသည်။
မုံးကိုးမြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများကို ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့တွင် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်နီတို့ကို ပေးအပ်ပြီဖြစ်ပြီး တတိယအကြိမ်တွင် တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်သောင်းခွဲနှင့် ယခုတစ်အိမ်ထောင်လျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် အိမ်ထောင်စုပေါင်း တစ်ထောင်ကျော်ကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းဇော်ဦး(ပြန်/ဆက်)