ဂန့်ဂေါ ၁ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် လမ်းဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မုံရွာ- ပုလဲ- ဂန့်ဂေါ- ဟားခါးလမ်းပိုင်းအား လမ်းချဲ့ခြင်းနှင့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း (၁၉၂.၃၁)ကီလိုမီတာမှ (၁၉၆.၅၄)ကီလိုမီတာအတွင်း ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
အဆိုပါလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မြို့နယ်လမ်းဦးစီးဌာန လုပ်ငန်းတန်ဖိုး (ပြည်ထောင်စု ငွေလုံး) ကျပ်(၂၉၈.၀၀၀)သန်းဖြင့် (၁၉၂.၃၁)ကီလိုမီတာမှ (၁၉၆.၅၄)ကီလိုမီတာအတွင်း (၂.၆၂) ကီလိုမီတာအား (၃.၆၆)မီတာမှ (၅.၄၉)မီတာအကျယ် လမ်းချဲ့ခြင်းနှင့် ကတ္တရာလမ်း အဆင့်မြှင့်တင် ခြင်း လုပ်ငန်းကို ဂန့်ဂေါမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်ထားခြင်းဖြစ်သည်။ ယခင်နှစ်က ပျက်စီးနေသည့်လမ်းပိုင်းတွင် ပြုပြင်ထားခြင်းဖြစ်ရာ ဆက်သွယ်သွားလာမှုလွယ်ကူ ချောမွေ့သွားကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမင်းအောင်၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးသူရစိုး၊ အငယ်တန်း အင်ဂျင်နီယာ(၂) (မြို့ပြ) ဒေါ်လဲ့ဖြူစန်းနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးရာ တာဝန်ရှိသူက လိုက်လံရှင်းလင်းပြသခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ဆွေးနွေး ကြကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)


