မုံရွာ ၈ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီ၊ မုံရွာခရိုင်အတွင်း မြို့နယ်(၄)မြို့နယ်ရှိ Community Base Facility Quaratine ထားရှိသော အခြေခံ ပညာကျောင်း(၁၉၅)ကျောင်းရှိရာ Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပညာရေးဌာနသို့ ဇွန်လ(၇)ရက်နေ့အထိ အခြေခံပညာကျောင်း (၁၀၇) ကျောင်းကို ပြန်လည် လွှဲပြောင်းပေးပြီးဖြစ်ကြောင်း သိရသည်။
“Community Base Facility Quaratine ထားရှိသော အခြေခံပညာကျောင်းတွေမှာရှိတဲ့ အိပ်တဲ့နေရာတွေ၊ သန့်စင်ခန်းတွေကို ပိုးသတ်ဆေးဖျန်းတာတွေ လုပ်ဆောင်ပေးတယ်၊ နောက်ပြီး ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်တာတွေ လုပ်ဆောင်ပေးပြီး အသင့်ဖြစ်တဲ့ကျောင်းတွေကို ပြန်လည်လွှဲပြောင်းပေးတာဖြစ်ပါတယ်၊ မနေ့က အထိကို (၁၀၇)ကျောင်းလွှဲပြောင်းပေးပြီးပါပြီ၊ Quaratine ရက်ကျန် ကျန်နေသေးတဲ့ ကျောင်းတွေကိုလည်း အချိန်မီလွှဲပြောင်းပေးနိုင်ဖို့ Quaratine ရက်ပြည့်တာနဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ပြီး အမြန်ဆုံးလွှဲပြောင်း ပေးသွားမှာ ဖြစ်ပါတယ်” ဟု မုံရွာခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက ပြောသည်။
မုံရွာခရိုင်အတွင်းမှ မြို့နယ်လေးမြို့နယ်ရှိ Community Base Facility Quaratine ထားရှိသော အခြေခံပညာကျောင်းများကို ပညာရေးဌာနသို့ ပြန်လည်လွှဲပြောင်းပေးမှုအနေဖြင့် မုံရွာမြို့နယ်မှ (၁၆)ကျောင်း၊ ချောင်းဦးမြို့နယ်မှ (၂၂) ကျောင်း၊ ဘုတလင်မြို့နယ်မှ ကျောင်း (၃၀)နှင့် အရာတော်မြို့နယ်မှ (၃၁)ကျောင်းအား ပြန်လည် လွှဲပြောင်းပေးပြီး ဖြစ်ကြောင်း သိရသည်။
အခြေခံပညာကျောင်းများ ဇူလိုင်လအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် Community Base Facility Quaratine ထားရှိသော အခြေခံပညာကျောင်းများကို ဇွန်လ (၁၅) ရက်နေ့နောက်ဆုံးထားပြီး ပညာရေးဌာနသို့ ပြန်လည်လွှဲပြောင်းပေးရန် ညွှန်ကြားစာများထုတ်ပြန်ထားရာ ပြန်လည် လွှဲပြောင်းပေးရန် ကျန်ရှိသော အခြေခံပညာကျောင်း (၈၈)ကျောင်းအားလည်း ပညာရေးဌာနသို့ အချိန်မီပြန်လည် လွှဲပြောင်းပေးနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း မုံရွာခရိုင်စီမံခန့်ခွဲမှုကော်မတီရုံးမှ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


