မုံရွာ ၁၄ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာ၊ချောင်းဦး၊ ဘုတလင်နှင့်အရာတော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ စံပြဆုပေးအပ်ပွဲကို ဇန်နဝါရီလ ၁၄ရက် နံနက်(၁၀)နာရီက မုံရွာမြို့၊ ရုံးကြီး ရပ်ကွက်၊ မုံရွာခရိုင် စီမံခန့်ခွဲမှု ကော်မတီရုံး မြသလ္လာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရပ်ကွက်/ကျေးရွာစံပြဆု ပေးအပ်ပွဲတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးဆု၊ ရပ်ကွက်/ကျေးရွာ အတွင်း သန့်ရှင်းရေးစံပြဆု၊ ကျေးရွာတွင်းနေပြည်သူများ၏ စည်းလုံးညီညွတ်မှုစံပြဆုနှင့် ရပ်ကွက်/ ကျေးရွာ အတွင်းပြည်သူများ၏ ကျန်းမာရေးဆိုင်ရာလိုက်နာမှု စံပြဆုများကို မုံရွာခရိုင်အတွင်းရှိ မြို့နယ် (၄)ခုမှ ရပ်ကွက်(၄၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၇၂)စု၊ ကျေးရွာပေါင်း (၆၀၃)ရွာတွင် စိစစ်မှုအဆင့်ဆင့် ပြုလုပ်ကာ ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းဆုပေးပွဲတွင် မုံရွာခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးအောင်မြင့်စိုးက ဘက်စုံဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံး စံပြဆုရမုံရွာမြို့နယ်မှ မင်းရွာကျေးရွာအားလည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး သောင်းညွန့်မှ ရပ်ကွက်/ကျေးရွာအတွင်း သန့်ရှင်းသပ်ရပ်မှုစံပြဆုရ အရာတော်မြို့နယ် ခင်သာကျေးရွာအား လည်းကောင်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းက ကျေးရွာအတွင်းနေပြည်သူများ၏ စည်းလုံးညီညွတ်မှု စံပြဆုရချောင်းဦးမြို့နယ် ရွှေဒါးကျကျေးရွာအားလည်းကောင်း၊ ခရိုင်ကျန်းမာရေးမှူး ဒေါက်တာရန်နိုင်မှ ရပ်ကွက်/ကျေးရွာအတွင်း ပြည်သူများ၏ ကျန်းမာဆိုင်ရာလိုက်နာမှုစံပြဆုရ ဘုတလင်မြို့နယ် ဆုံကုန်းကျေးရွာအားလည်းကောင်း ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)