မုံရွာ   ၂၂  နိုဝင်ဘာ

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်နှင့်ယင်းမာပင်ခရိုင် အတွင်းရှိ တောင်တန်းများ စိမ်းလန်းစိုပြည်ရေး တောင်တန်းစိုက်ခင်း ဧက ၉၀ဝ ကို အကောင်အထည်ဖော် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦး ထံမှ  သိရသည်။

 

အပူပိုင်းဇုန် အတွင်းရှိ တောင်တန်းများ မြေဆီမြေလွှာများ ပျက်စီးဆုံးရှုံးမှုကို ထိန်းသိမ်းနိုင်ရန်နှင့် အပူရှိန်ကို‌ လျှော့ချနိုင်ရန်နှင့် သစ်ပင်ပေါက်ရောက်မှု နည်းပါးသည့်နေရာများ၌ တောင်တန်း စိုက်ခင်းများကို တည်ထောင်စိုက်ပျိုးခြင်းဖြင့် သဘာဝတောရိုင်းတိရစ္ဆာန်များ ပြန်လည်ကျက်စား လာစေရန် ရည်ရွယ်၍ တည်ထောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

 “ တောင်တန်းတွေပေါ်မှာ သဘာဝအလျောက် ပေါက်နေတဲ့ အပင်တွေကိုလည်း ထိန်းသိမ်းမယ်၊ သစ်ပင်ပေါက်ရောက်မှု နည်းတဲ့နေရာတွေမှာ ထပ်ပြီးစိုက်ပျိုးမယ်၊ တောင်တန်းကြီးတစ်ခုလုံး ပြန်လည် စိမ်းလန်းပြီး ပတ်ဝန်းကျင်ဒေသတွေရဲ့ အပူရှိန်တွေကို လျှော့ချပေးနိုင်ပြီး ရေဝေရေလဲ ဒေသတွေကိုလည်း အထောက်အကူဖြစ်စေဖို့ ရည်ရွယ်စိုက်ပျိုးတာဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်း ဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦးက ပြောသည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တောင်တန်းစိုက်ခင်းများ တည်ထောင်မှုအဖြစ် မုံရွာခရိုင်အတွင်းရှိ  မုံရွာ၊ အရာတော်၊ ဘုတလင်နှင့် ချောင်းဦးမြို့နယ်တို့တွင် တောင်တန်းစိုက်ခင်း (၈၁၀)ဧကအား လည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ ဆားလင်းကြီးမြို့နယ်တွင် တောင်တန်းစိုက်ခင်း (၉၀)ဧကအား လည်းကောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လာမည့်မိုးရာသီတွင် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)