မုံရွာ၊ ၂၄  ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာကုန်စည်ဒိုင်ကို  ဒီဇင်ဘာ ၂၃ ရက်နေ့ အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်နှင့် အသင်းသားများ၏ဆန္ဒအရ ဒီဇင်ဘာ ၃၀ ရက် ဗုဒ္ဓဟူးနေ့တွင်   ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးတင်ကိုကို ထံမှ သိရှိရသည်။

 

မုံရွာကုန်စည်ဒိုင်တွင် အသင်းသား ၄၅၀ ကျော်ရှိသော်လည်း၊ နေ့စဉ်အသင်းသား ၁၀၀ မှ ၁၅၀ ကြားသာရှိပါကြောင်း၊ အသင်းသားများ စည်ဒိုင်အတွင်း ဝင်ရောက်သည့်အခါ နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်းများ ပြုပြီးမှသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပါကြောင်း၊  နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသည့် အသင်းသားများအား ပထမအကြိမ်အနေဖြင့် ၃ ရက်၊ ဒုတိယအကြိမ် ၅ ရက်၊ တတိယအကြိမ် ၂ ပတ် ဒိုင်ဝင်ခွင့် ပိတ်မည်ဖြစ်ပါကြောင်း၊ ရောင်းဝယ်သူများအနေဖြင့် စာပွဲခုံ တစ်ခုံနှင့် တစ်ခုံကြား  ၆ ပေကွာထားရှိမည်ဖြစ်ပြီး၊ စာပွဲခုံ တစ်ခုံလျှင် ရောင်းသူ/ဝယ်သူ သုံးဦးသာ ရောင်ဝယ်ခွင့် ပြုမည်ဖြစ်ပါကြောင်း ဆက်လက်ပြောကြားသည်။

 

ဆောင်းရာသီသီးနှံဖြစ်သည့် ပဲမျိုးမျိုးနှင့် အခြားသီးနှံများလည်း ပေါ်ပြီဖြစ်သောကြောင့် အွန်လိုင်းနှင့် အရောင်းအဝယ် ပြုလုပ်ရာတွင် ကုန်စည်စီးဆင်းမှုနှေးကွေးခြင်းများ ဖြစ်ပေါ်သည့်အတွက် ကုန်စည်စီးဆင်းမှု လျင်မြန်စေရန်နှင့် တောင်သူများ ဈေးနှုန်းမှန်ကန်စွာရရှိစေရေး ပြန်လည်ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ အလားတူ ကုန်စည်ဒိုင်အတွင်းရှိ  စားသောက်ဆိုင်များ ဖွင့်လှစ်ခွင့် မပြုသေးပါကြောင်း၊ မုံရွာကုန်စည်ဒိုင် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးတင်ကိုကို က ပြောကြားသည်။

မွှေးကြူဇင်