မုံရွာ ၁၂ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နှင့် မုံရွာစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် (၁၁)ကြိမ်မြောက် လူထုစုပေါင်းစီးနင်းပွဲကို ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်က မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းရှေ့ ဗိုလ်ချုပ်လမ်းမပေါ်တွင် ကျင်းပခဲ့ပြီး စက်ဘီးစီးဝါသနာရှင် အမျိုးသား၊ အမျိုးသမီး ၃၀ဝ ကျော် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

 

စက်ဘီးစီးပွဲအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ကြည်က ခရာမှုတ်ဖွင့်လှစ်ပေးရာ စက်ဘီးစီးသမားများက ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် တောင်ဘက်ခြမ်းရှိ မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံအထိ၊ ၎င်းမှ အနောက်ဘက်ရှိ ကမ်းနားလမ်းအတိုင်း၊ မြောက်ဘက်ခြမ်း အိုးဘိုတောင်ရပ်ကွက်ရှိ အောင်မင်္ဂလာအဝိုင်းကိုကွေ့ကာ ဗိုလ်ချုပ်လမ်းအတိုင်း ပြည်သူ့အားကစားကွင်း အရှေ့သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

 

အဆိုပါ (၁၁)ကြိမ်မြောက် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲအပြီးတွင် ပါဝင်ဆင်နွှဲခဲ့သည့် စက်ဘီးစီးသမားများကို ပြိုင်ဘီး ၃ စီးအား မဲနှိုက်ပေးခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)