မုံရွာ ဒီဇင်ဘာ ၂၀
ကျောင်းသား ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် အားတက်သရော ပါဝင်ဆွေးနွေး တတ်စေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဒီဇင်ဘာ ၂၀ ရက်၊ နံနက်ပိုင်းက မုံရွာစီးပွားရေးတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ကြီး ဒေါက်တာသီတာကြူက အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်စိုးနှင့် မုံရွာစီးပွားရေးတက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာရီရီချိုနှင့်အတူ မုံရွာစီးပွားရေးတက္ကသိုလ်မှ စတုတ္ထနှစ် စာရင်းအင်းပညာအထူးပြု ကျောင်းသူ မအက်စတာဇိုရှန်းမွန်က “လူငယ်နှင့်ယဉ်ကျေးမှု”၊ ဒုတိယနှစ် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု ကျောင်းသား မောင်ဖြိုးမြတ်ကိုက “လူငယ်နှင့် ဆိုရှယ်မီဒီယာ”၊ ဒုတိယနှစ် ဘောဂဗေဒအထူးပြု ကျောင်းသူ မခင်မြတ်နိုးက “လူငယ်နှင့်စာဖတ်ခြင်း၊ ပထမနှစ် စာရင်းကိုင်ပညာအထူးပြု ကျောင်းသား မောင်ဘုန်းမြတ်မင်းက “လူငယ်နှင့်အားကစား”၊ ပထမနှစ် ဝါဏိဇ္ဇဗေဒအထူးပြု ကျောင်းသား မောင်ဟိန်းဘုန်းသာက “လူငယ်နှင့် ကျန်းမာရေး” စသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းမှုများကို မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ကြီး ဒေါက်တာသီတာကြူနှင့် တာဝန်ရှိသူများက အပြန်အလှန် ဆွေးနွေးဖြေကြားခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများအား အခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)