မုံရွာ ၁၉ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကျောက္ကာလမ်းမကြီးတစ်လျှောက်ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ထမင်းဆိုင်များတွင် လက်ဆေးကန်များနှင့် လက်ဆေးဆပ်ပြာဆီများထားရှိ အသုံးပြုနိုင်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက မုံရွာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက လိုက်လံကွင်းဆင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
နိုင်ငံပေါင်း ၁၀၀ ကျော်သို့ ကူးစက်ပျံ့နှံ့လျက်ရှိသော Covid-19 ရောဂါကာကွယ်ရေးအသိပညာပေး တစ်ရပ် အနေဖြင့် မုံရွာမြို့နယ်စည်ပင်သာယာရေးကော်မတီ ကွပ်ကဲမှုအောက်ရှိသော လူဝင်လူထွက် များသည့် နေရာများတွင် ရောဂါကာကွယ်ရေး နည်းလမ်းတစ်ခုဖြစ်သည့် လက်ဆေးကန်များထားရှိ အသုံးပြုနိုင်ရေးကို အသိပညာပေးခြင်းဖြစ်ကြောင်း သိရသည်။
“ဒီအစီအစဉ်ကိုတော့ စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးဌာန၊ တိုင်းစည်ပင်သာယာရေး အဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ မြို့နယ်စည်ပင်သာယာရေးကော်မတီက မတ်လ(၁၈)ရက်နေ့ကစပြီး လုပ်ဆောင် နေတာ ဖြစ်ပါတယ်၊ မြို့ပေါ်မှာရှိတဲ့ စားသောက်ဆိုင်၊ မြန်မာထမင်းဆိုင်၊ လက်ဘက်ရည်ဆိုင်၊ covid -19 ရောဂါနဲ့ပတ်သက်ပြီး ကာကွယ်မှုတစ်ရပ်အနေနဲ့ လူသွားလူလာများတဲ့ ဆိုင်တွေမှာ လက်ဆေး ဆပ်ပြာရည် အသုံးပြုမှုရှိစေရေး လိုက်လံပြီးတော့ ဆောင်ရွက်နေဖြင်းဖြစ်ပါတယ်””ဟု မုံရွာမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဒုတိယဦးစီးမှူး ဦးမင်းမင်းသန့်က ပြောသည်။
Covid-19 ရောဂါကာကွယ်ရေး လက်ဆေးကန်များနှင့် လက်ဆေးဆပ်ပြာဆီများထားရှိ အသုံးပြု နိုင်ရေး အသိပညာပေးခြင်းကို မတ်လ(၁၈)ရက်နေ့တွင် မုံရွာမြို့၏ အဓိကလမ်းမကြီးများဖြစ်သော ဗိုလ်ချုပ် လမ်းမကြီးတစ်လျှောက်တွင် လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး မတ်လ (၁၉) ရက်နေ့တွင် ကျောက္ကာ လမ်းမကြီးတစ်လျှောက်တွင်လည်းကောင်း၊ မတ်လ(၂၀)ရက်နေ့တွင် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်တွင် လည်းကောင်း၊ မတ်လ(၂၁)ရက်နေ့တွင် ဗန္ဓုလလမ်းမကြီး တစ်လျှောက် တွင် လည်းကောင်း အသိပညာပေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


