မုံရွာ     ဧပြီ     ၁၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အရှေ့ဘက်ကန်သာယာကန်ရှိ မြို့ရာပြည့်ကပ်ကျော်စေတီတော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး၌ ကျင်းပသည်။ 

တက်ရောက်

အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊   တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊  တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး  စာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့်  တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ဦးစွာ ပင့်သံဃာတော်များက မြို့ရာပြည့် ကပ်ကျော်စေတီတော်ကြီးအတွင်းရှိ  ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်ကြသည်။

ထို့နောက်   မုံရွာမြို့  မဟာလယ်တီကျောင်းတိုက် နိုင်ငံတော် သံဃမဟာနာယက ဆရာတော် ဘဒ္ဒန္တကေသဝ  ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ရှစ်ပါးသီလ   ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများထံ ပရိတ်ရေ၊ ပရိတ်ပန်း၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ကျောက်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက်   ပင့်သံဃာတော်များက ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်၊ ကမ္မဝါစာ တရားတော်များကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ မုံရွာမြို့  မဟာဇောတိကာရာမကျောင်းတိုက် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပညာ တိက္ခ  ဆရာတော်ကြီးထံမှ  အနုမောဒနာတရား  နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ အရှေ့ဘက် ကန်သာယာကန်အတွင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲသို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး  တရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက အရှေ့ဘက် ကန်သာယာကန်အတွင်း ငါးမြစ်ချင်း၊ ငါးခုံးမကြီး ငါးသားပေါက် ကောင်ရေ ၁၃၀၀၀၀ ကို  တပျော်တပါး   ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြသည်။

ယင်းနောက် မုံရွာမြို့ ချင်းတွင်းခန်းမအတွင်း  ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့်   သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲသို့ တက်ရောက်ပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သက်ကြီးဘိုးဘွားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ပူဇော်ကန်တော့ခံ အဘိုးအဘွားများအား အာမိသပူဇာပစ္စည်းများဖြင့်   ပူဇော်ကန်တော့ကြသည်။

ယင်းနောက်  အခမ်းအနားသို့  တက်ရောက်လာကြသည့် သက်ကြီးအဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။         

တိုင်းဒေသကြီး(ပြန်/ဆက်)