မုံရွာ  ၅  ဇန်နဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက် ပြည်ထောင်စုလမ်း၊ နယ်မြေ(၁)ရှိ ပိုလာဖီး အထည်ဆိုင်တွင် မီးအားမြှင့်စက်အပူရှိန်လွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ပြည်ထောင်စုလမ်းနယ်မြေ(၁)နေ ကိုကျော်မြတ်မင်း၏ ဆင်ဖြူတော်(၂) ပိုလာဖီး အထည်ဆိုင်တွင် ဇန်နဝါရီ ၄ ရက်နေ့ ည ၉ နာရီ  မိနစ် ၄၀ ခန့်တွင် မီးအားမြှင့်စက်အသုံးပြုရာမှ အပူရှိန်လွန်ကဲပြီး မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဒုတိယတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူး ဦးကျော်ကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မုံရွာခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရပ်ကွက်နေပြည်သူများက မီးငြိမ်းသတ်ယာဉ်(၁၄)စီး၊ ရေသယ်ယာဉ် (၁ဝ)စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ည ၁၀ နာရီ ၂၂ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် နှစ်ထပ်အဆောက်အဦ တစ်လုံး၊ ဂိုဒေါင်တစ်လုံး၊ တီဗွီ၊ ဗွီဒီယိုပြစက်၊ မီးအားမြှင့်စက်၊ ရေခဲသေတ္တာ၊ အိမ်သုံးမီတာတစ်လုံး၊ ပိုလာဖီးအထည်လိပ်(၁ဝ)လိပ်၊ အဝတ်အထည်မျိုးစုံ၊ အင်ဂျင်ဝိုင်အဟောင်း ဂါလံ (၅ဝ)ခန့်ပါ ပေပါ(၂)လုံးတို့ မီးလောင်ကျွမ်းပျက်စီးခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးအားမြှင့်စက် ပေါ့ဆစွာအသုံးပြုသူ ကိုကျော်မြတ်မင်းကို မုံရွာမြို့မရဲစခန်းမှ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)
 

 

fire -2