မုံရွာ မေ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်နှင့် ဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီက မုံရွာမြို့နယ် မရိုတောကျေးရွာသို့ရောက်ရှိပြီး တောင်သူ ဦးကျော်ထွန်း၏ လယ်မြေ(၈)ဧကတွင် နေကြာမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးခြင်းကွင်းပြပွဲကို ဆောင်ရွက်ခဲ့သည်။
ကွင်းပြပွဲတွင် မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်မှ တက်ရောက်လာသော တောင်သူများအား နေကြာမျိုးစေ့ ထုတ်စိုက်ပျိုးနည်းအဆင့်ဆင့်နှင့် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသည် ကုန်ကျ စရိတ်သက်သာပြီး အချိန်ကုန်သက်သာသော နည်းလမ်းဖြစ်ကြောင်း တောင်သူများသိရှိ နာလည်ပြီး လိုက်ပါဆောင်ရွက်လာစေရန် ရည်ရွယ်ပြီး ဤကွင်းပြပွဲကို ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများနှင့် တက်ရောက်လာကြသည့် တောင်သူများက တောင်သူ ဦးကျော်ထွန်း၏ လယ်မြေ(၈)ဧကတွင် နေကြာမျိုးစေ့ထုတ်စံပြကွက် လက်တွေ့စိုက်ပျိုးခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ကွင်းပြပွဲသို့ မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံ တောင်သူ (၁၅) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)