မုံရွာ  ၂၀   မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ ညဈေးတန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အမိန့်ကြေငြာစာအမှတ် (၉/၂၀၂၀)နှင့်အညီ ယနေ့ညနေပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်း၏ ပြောကြားချက်အရ သိရသည်။

 

ယနေ့ပြန်လည်ဖွင့်လှစ်သည့် ညဈေးတန်းတွင် ဆိုင်ခန်းများအနေဖြင့် ဆိုင်ခန်းတစ်ခန်းနှင့်တစ်ခန်း (၆)ပေအကွာတွင်တည်ရှိမည်ဖြစ်ပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည်ဖြစ်ကြောင်း စားသုံးသူများအနေဖြင့် ဆိုင်ရှေ့သုံးပေအကွာ သတ်မှတ်နေရာမှ ဝယ်ယူရမည်ဖြစ်ကြောင်း၊ ညဈေးတန်းအတွင်းသို့ လာရောက်သူများ ဈေးရောင်းချသူများအနေဖြင့် တစ်ခါသုံးလက်အိတ်များ ဝတ်ဆင်ခြင်း၊ Mask များ တပ်ဆင်ထားရမည့်အပြင် ညဈေးတန်း အဝင်အထွက်တို့တွင် လက်ဆေးကန်များ ထားရှိပေးထားကြောင်း သိရသည်။

 

“မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီအနေနဲ့ ညဈေးတန်းကို ၂၀၁၄ ခုနှစ်လောက်ကတည်းက ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်၊ နောက်ပိုင်းမှာ ရုံးကြီးလမ်းကို ရွှေ့ပြောင်းဖွင့်လှစ်ခဲ့တာ ဖြစ်တယ်၊ Covid 19 ရောဂါ ဖြစ်ပွားနေတဲ့ ကာလတွေမှာ မုံရွာမြို့နယ်စည်ပင်သာယာရေး ကော်မတီအနေနဲ့ ညဈေးတန်း ဆိုတာ လူစုလူဝေးနဲ့လာရောက် စည်ကားတဲ့နေရာဖြစ်တာကြောင့် ပြည်သူလူထုတွေ ကူးစက်ပြန့်ပွားမှု မဖြစ်အောင်လို့ မတ်လ(၂၄)ရက်နေ့ကစပြီး ပိတ်လိုက်တယ်၊ အခု တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အမိန့် ကြေငြာစာအမှတ် (၉/၂၀၂၀) အရ ညဈေးတန်းတွေကို သတ်မှတ်ပေးထားတဲ့ ညွှန်ကြားချက်များအတိုင်း ပြန်လည်ဖွင့်လှစ်တာ ဖြစ်တယ်၊ ဆိုင်တစ်ဆိုင်နဲ့ တစ်ဆိုင်က(၆)ပေစီခြားမယ်၊ ဈေးဝယ်တဲ့သူတွေကတော့ ဆိုင်ရဲ့ရှေ့က (၃)ပေအကွာမှာ မျဉ်းတစ်ကြောင်းဆွဲထားပြီး အပေါ်မှာကြိုးတန်း တစ်ခုနဲ့လုပ်ဆောင်ပေးထားတယ်၊ ကြိုးရဲ့နောက်ကနေ ဈေးဝယ်ယူကြရမှာဖြစ်တယ်၊ ဈေးရောင်းချမဲ့ ဈေးသူ/သားတွေရဲ့ စာရင်းကောက်ယူပြီး စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း(၁၅)ချက်ကို ဈေးရောင်းတဲ့သူတွေကို သိရှိကြောင်းလက်မှတ် ရေးထိုးတာတွေ လုပ်ဆောင်တယ်၊ စည်းကမ်းချက်တွေ ညဈေးတန်းအဝင်/ထွက်နေရာ တွေမှာလည်း ပိုစတာ စိုက်ထူပေးသလို ဈေးကိုလာကြတဲ့ပြည်သူတွေ လက်ဆေးနိုင်ဖို့ လက်ဆေးဖိုနေရာ (၂)နေရာကိုလည်း စီစဉ်ပေးထားပါတယ်” ဟု မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပြောသည်။

 

ညဈေးတန်းတွင် ဈေးရောင်းချသူများအနေဖြင့် Covid 19 ရောဂါ ပြန့်ပွားမှုကို တားဆီးကာကွယ် နိုင်ရန်ဝန်ခံကတိပြုထားသောစည်းကမ်းချက်များကို ပထမအကြိမ်ဖောက်ဖျက်ပါက ဈေးရောင်းချခွင့်(၃)ရက်အား လည်းကောင်း၊ ဒုတိယအကြိမ်ဖောက်ဖျက်ပါက ဈေးရောင်းချခွင့်(၁၀)ရက်အား လည်းကောင်း၊ ထပ်မံ ဖောက်ဖျက်ပါက ဈေးရောင်းချခွင့်ကို အကန်အသတ်မရှိ ပိတ်သိမ်းမည့် ပြစ်ဒဏ်များချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

မုံရွာမြို့ ညဈေးတန်းအား  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအရ မတ်လ (၂၄)ရက်နေ့မှ ပိတ်ထားခဲ့ရာမှ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အမိန်ကြေငြာစာအမှတ် (၉/၂၀၂၀)အရ ဈေးတန်းအားပြင်ဆင်မှုများ ပြုလုပ်ကာ ယနေ့ညနေပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)